အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုကို မန်စီးတီးအသင်းဆီ လက်လွတ်သွားရဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းဟာ ရော်နယ်ဒို မရှိတော့တဲ့နောက်ပိုင်း အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြန်လည်ပြင်ဆင်ဖို့အတွက် အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ အီတလီ လူငယ်တိုက်စစ်မှူးလေး မွိုက်စ်ကင်းကို ပြန်လည်ခေါ်ယူဖို့အတွက် အဲဗာတန်အသင်းဆီ ဆက်သွယ်ထားတယ်လို့ အပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Premier League

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အီတလီတိုက်စစ်ကစားသမားလေး မွိုက်စ်ကင်းဟာ ၂၀၁ဝခုနှစ်ကတည်းက ဂျုဗင်တပ်စ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ်မှာပဲ ဂျုဗင်တပ်စ်စီနီယာအသင်းအတွက် ပွဲဦးထွက်ခွင့် ရရှိခဲ့ပါတယ်။ (၃)နှစ်အကြာမှာတော့ ကင်းဟာ အဲဗာတန်အသင်းဆီကို ယူရို(၂၇.၅)သန်းနဲ့ ရောင်းချခံခဲ့ရပြီး အင်္ဂလန်မြေမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရကာ နောက်တစ်ရာသီမှာပဲ ပီအက်စ်ဂျီအသင်းဆီ ဆက်လက်အငှားချခံခဲ့ရပါတယ်။ ပီအက်စ်ဂျီမှာ အထိုက်အလျောက် အောင်မြင်ခဲ့တဲ့ မွိုက်စ်ကင်းဟာ အခုတော့ သူရဲ့ မူလကလပ် အဲဗာတန်အသင်းဆီ ပြန်လည်ရောက်ရှိနေပြီဖြစ်ပေမယ့် အသင်းမှာ နေရာရဖို့ကတော့ အရင်လို ခက်ခဲဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ မွိုက်စ်ကင်းကို အသင်းဟောင်း ဂျုဗင်တပ်စ်ကနေ ပြန်လည်ခေါ်ယူသွားချင်နေပြီး ကင်းရဲ့အေးဂျင့်ဖြစ်သူ မီနိုရွိုင်အိုလာနဲ့လည်း ချိတ်ဆက်မှုတွေ လုပ်ဆောင်လို့နေပါတယ်။ ကင်းကို ပီအက်စ်ဂျီအသင်းကလည်း နောက်ထပ်တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေကို လုပ်ဆောင်ထားခဲ့ပေမယ့်လည်း အဲဗာတန်ဘက်ကနေ ပယ်ချထားခဲ့ပြီး အပြီးသတ် ကမ်းလှမ်းမှုမျိုးကိုသာ စဉ်းစားလက်ခံဖွယ် ရှိနေပါတယ်။ ကင်းကို ပြန်လည်ခေါ်ယူချင်နေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ အနာဂတ် အခြေအနေတွေ တအားကို လှုပ်ခတ်လျက်ရှိနေတဲ့ ပေါ်တူဂီ ဝါရင့်တိုက်စစ်ကစားသမားကြီး ရော်နယ်ဒိုကို လက်လွတ်ရဖို့ နီးစပ်လာခဲ့တာကြောင့် သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် တိုက်စစ်ကစားသမားတွေကို အလိုရှိနေတာဖြစ်ပြီး မွိုက်စ်ကင်းအပြင် မန်စီးတီးအသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကိုလည်း ခေါ်ယူချင်နေပါတယ်။ ကစားသမားဟောင်း မွိုက်စ်ကင်းကိုတော့ ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းသွားဖွယ်ရှိပြီး လက်ရှိအသင်းနည်းပြ အယ်လီဂရီဟာလည်း ကင်းရဲ့ပရိသတ်တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။