ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြသစ် ပီယာလိုကတော့ မနှစ်က နွေစျေးကွက်အတွင်း အသင်းကနေ အဲဗာတန်အသင်းဆီ ရောင်းချခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမားလေး မွိုက်စ်ကင်းကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်လျက်ရှိနေသလို ပီယာလိုုရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ရရှိလာဖွယ်မရှိတဲ့ ဝေးလ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကိုလည်း အဲဗာတန်အသင်းဆီ ပြန်လည်ပို့ဆောင်သွားဖွယ်ရှိနေတယ်လို့ အီတလီသတင်းမီဒီယာ Gazetta ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Boot Room

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ အီတလီလူငယ်တိုက်စစ်မှူးလေး မွိုက်စ်ကင်းဟာ အလားအလာကောင်းလှတဲ့ လူငယ်ကြယ်ပွင့်လေးဖြစ်ပေမယ့် သူရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်ကတော့ အဖွင့်မလှခဲ့ပဲ ခြေစွမ်းကောင်းတွေပြသဖို့ ရုန်းကန်နေခဲ့ရတဲ့အတွက် အဲဗာတန်အသင်းကနေ သူ့ကို အီတလီမြေဆီ အငှားနဲ့ ပြန်လည်ပို့ဆောင်ချင်နေတာဖြစ်ပြီး ကင်းရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်ဘက်ကနေလည်း သူတို့ကစားသမားဟောင်းကို အငှားနဲ့ ပြန်လည်ခေါ်ယူချင်နေတဲ့အတွက် ဒီအပြောင်းအရွှေ့က အထမြောက်လာဖို့ တဖြည်းဖြည်းနီးစပ်လာခဲ့ရပါတယ်။

Photo Credit : Twitter

၂၀၁၀ခုနှစ်ကတည်းက ဂျုဗင်တပ်စ်လူငယ်အသင်းဆီကို စတင်ရောက်ရှိခဲ့တဲ့ ကင်းဟာ အသက်(၁၆)နှစ်အရွှယ်မှာပဲ သူရဲ့ဂျုဗင်တပ်စ်စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့တာဖြစ်ပြီး အသင်းရဲ့အသက်အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သလို ှ ဥရောပရဲ့အဓိကအမှတ်ပေးလိဂ်(၄)ခုအတွင်းရှိ ၂၀၀၀ခုနှစ်ဖွား ကစားသမားတွေထဲကမှ ပထမဆုံး ပွဲထွက်ကစားခွင့်ရတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ အီတလီမြေမှာ တောက်ပခဲ့တဲ့ မွိုက်စ်ကင်းဟာ အဲဗာတန်မှာတော့ လုံးဝကို အံ့ဝင်ခွင်ကျ မဖြစ်လာခဲ့တဲ့အတွက် အသင်းက သူ့ကို အငှားပြန်ချဖို့ထိပါ စီစဉ်လာခဲ့ရင်း အခုဆို အသင်းဟောင်းဆီကို အငှားနဲ့ ပြန်သွားရတော့မှာဖြစ်သလို ဂျုဗင်တပ်စ်အသင်းဘက်ကလည်း အာဆင်နယ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူရမ်ဆေးရဲ့ခြေစွမ်းတွေကပါ မနှစ်သက်တော့တဲ့အတွက် ကင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရမ်ဆေးကိုပါ အဲဗာတန်အသင်းဆီ ပို့ဆောင်ဖွယ်ရှိနေပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ လက်ရှိမှာတော့ ကစားသမားသစ် ခေါ်ယူမှုအဖြစ် ရှော်ကေးအသင်းရဲ့အမေရိကန်လူငယ်ကစားသမားလေးဖြစ်တဲ့ ဝက်စတန်မက်ကင်းကို ခေါ်ယူသွားနိုင်ခဲ့ပြီဖြစ်ပြီး ဆေးစစ်မှုတွေလည်း လုပ်ဆောင်ထားပြီးပြီဖြစ်ကာ မကြာခင်မှာပဲ ကစားသမားကို မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။