စီးရီးအေရဲ့ အင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းကတော့ ယခင်က သူတို့အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ပေါ့ဘာကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားခဲ့ပေမယ့် လက်ရှိမှာတော့ ပေါ့ဘာကို ခေါ်ယူမယ့် သဘောထားကို ပြန်လည် ပြောင်းလဲသွားခဲ့ကြောင်း မန်ချက်စတာမြို့အခြေစိုက် သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၆နှစ်အရွယ် ပေါ့ဘာဟာ မန်ချက်စတာမြို့ခံအသင်းဖြစ်တဲ့ မန်ယူအသင်းမှာ ကစားနေသူဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ထိ ကျန်နေသေးသူ ဖြစ်ပေမယ့် လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ ဆန္ဒရှိနေသူဖြစ်တယ်လို့ သတင်းကြီးနေသူပဲ ဖြစ်ပါတယ်။

Photo Credit: Daily Star.com

 

ယခင်က ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းတွေအရ ပေါ့ဘာကို ခေါ်ယူဖို့အတွက် စပိန်လာလီဂါ အင်အားကြီးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ သူ့ရဲ့အသင်းဟောင်း ဂျူဗင်တပ် အသင်းတို့ကသာ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဂျူဗင်တပ်အသင်းက သူ့ကို ခေါ်ယူဖို့အတွက် ဆန္ဒမရှိတော့တာကြောင့် ပေါ့ဘာအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီက ကမ်းလှမ်းမှုကိုသာ စောင့်ရတော့မှာပါ။ အီတလီ သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ ဂျူဗီအသင်းဟာ ပေါ့ဘာအစား လိုင်ယွန်အသင်းနဲ့အတူ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြထားတဲ့ ကွင်းလယ်လူ အော်ရာကို ခေါ်ယူဖို့အတွက် ပြောင်းလဲပစ်မှတ်ထားခဲ့ပြီလို့ ဖော်ပြသွားကြပါတယ်။

Photo Credit: Daily Star.com

အသက်၂၁နှစ်အရွယ်သာ ရှိသေးတဲ့ အော်ရာဟာ လက်ရှိဘောလုံးရာသီမှာ လိုင်ယွန်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ တွေ့ဆုံထားတဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်ကို ဒုက္ခပေးခဲ့ဖူးသူဖြစ်ပြီး အဆိုပါပွဲမှာ ဂိုးဖန်တီးမှုတစ်ကြိမ်လဲ ရယူနိုင်ခဲ့သူပါ။ အီတလီသတင်းထောက်တွေက ဂျူဗင်တပ်အသင်းဟာ ပေါ့ဘာထက် ပြောင်းရွှေ့ကြေးအရ နည်းပါးသလို လစာပေးချေမှုပိုင်းမှာလဲ နည်းပါးမယ့် အော်ရာကို ခေါ်ယူဖို့အတွက် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ရေးသား ဖော်ပြထားကြပါတယ်။ အသက်၂၁နှစ် အရွယ် အော်ရာဟာ ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲမှာ လိုင်ယွန်အသင်းအတွက် ၂၅ပွဲပါဝင်ကစားပေးထားပြီး ၃ဂိုးသွင်းယူထားကာ ၃ဂိုးဖန်တီးပေးထားနိုင်သူဖြစ်ပြီး သူ့ရဲ့တန်ကြေးက ယူရို၆၀ သန်း ဝန်းကျင်ရှိပါတယ်။