စီးရီးအေ ဦးဆောင် ဂျုဗင်တပ်အသင်းဟာ အဆင့် (၁၈) နေရာက လက်ချီအသင်းနဲ့ ကစားခဲ့တဲ့ စီးရီးအေ အိမ်ကွင်း ပွဲစဉ်မှာ (၄-၃-၃) ကစားကွက်ကို အသုံးပြုလာခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုက (၁) ဂိုး သွင်းရုံမက ဂိုးဖန်တီးမှု (၂) ကြိမ်ပါ ပြုလုပ်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ ပထမပိုင်း (၃၁) မိနစ်ကနေ စပြီး တစ်ယောက်လျှော့ လက်ချီအသင်းနဲ့ ကစားခဲ့ရပေမယ့်လည်း ပထမပိုင်း တစ်လျှောက်လုံးမှာ ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်း (၅၂) မိနစ်မှာ ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကနေ ဒိုင်ဘားလားရဲ့ သွင်းဂိုးနဲ့ စဦးဆောင်ခဲ့ပါတယ်။

Photo Credit: Goal

 

ဂျုဗင်တပ်အသင်အနေနဲ့ ပထမအပိုင်းမှာ ဂိုးပေါက်ကန်သွင်းမှု (၈) ကြိမ် ပြုလုပ်နိုင်ခဲ့တာကနေ ဂိုးပေါက်တည် ကန်သွင်းမှု (၁) ကြိမ်သာ ရှိခဲ့ပြီး လက်ချီအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု (၆) ကြိမ် ပြုလုပ်နိုင်ခဲ့တာကနေ ဂိုးပေါက်တည် ကန်သွင်းမှု (၂) ကြိမ်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ချီအသင်းရဲ့ နောက်ခံလူ ဖာဘီယို လူစီယိုနီဟာ အသင်းဖော် ပေးပို့လိုက်တဲ့ ဘောလုံးကို အထိန်းအသိမ်း မသေသပ်တာကြောင့် ပြေးလာလုတဲ့ ဂျုဗင်တပ် ကွင်းလယ်လူ ဘန်တာကာကို ခြေနဲ့ ထောက်ခဲ့ပြီး ပွဲကစားချိန် (၃၁) မိနစ်မှာပဲ တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit: Goal

 

နည်းပြ ဆာရီရဲ့ ဂျုဗင်တပ်အသင်းဟာ ဒုတိယပိုင်း ပြန်စတဲ့ အချိန်မှာတော့ ပထမပိုင်းအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီး ရရှိနေခဲ့ပြီး ပွဲကစားချိန် (၅၂) မိနစ်မှာ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကနေ ဒိုင်ဘာလားက ဂိုးရဲ့ အပေါ်ထောင့်ကုနေ လှပစွာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းဟာ ဆက်လက် ဖိကစားနေခဲ့ပြီး ပွဲကစားချိန် (၆၃) မိနစ်မှာတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုကို ကစားပုံ ကြမ်းတမ်းခဲ့တာကြောင့် ပင်နယ်တီ ရရှိခဲ့ရာမှာ ရော်နယ်ဒိုက သူ့ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို အမှားအယွင်း မရှိဘဲ ကန်သွင်းနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၇၇) မိနစ်မှာ ဒိုင်ဘားလားနဲ့ လူစားလဲ ဝင်ရောက် ကစားသွားခဲ့တဲ့ တိုက်စစ်မှူး ဟီဂူအင်ဟာ ပွဲချိန် (၈၃) မိနစ်မှာ ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကနေ ဂိုးသွင်းခဲ့ပြီး အသင်းရဲ့ နောက်ခံလူ ဒီလိုက်ကလည်း ကော်စတာရဲ့ ပေးပို့မှုကနေ အပိတ်ဂိုးကို ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။