အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ဘရာဇီးလ်ကလပ် ပါးလ်မီးရက်စ်ရဲ့ လူငယ်ခံစစ်မှူး ပက်ဒရို ဖိလစ်ပီကို အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပါတယ်။

ဂျူဗင်တပ်က မကြာသေးမီကမှ လိုင်လီခံစစ်မှူး ဒီယာလိုကို ခေါ်ယူထားခဲ့ပေမယ့် ဒီယာလိုဟာ ဒဏ်ရာပြဿနာကြောင့် အနားယူရဖို့ ရှိနေသလို အသင်းရဲ့ ရှိရင်းစွဲ ခံစစ်မှူး ဖြစ်တဲ့ ဒီဆစ်ဂလီယိုကလည်း အနားယူနေရပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ဂျူဗင်တပ်ရဲ့ ခံစစ်ကြောင်းမှာ ဗဟိုခံစစ်မှူး ၃ဦး ၊ ဘယ်နောက်ခံလူ ၁ဦးနဲ့ ညာနောက်ခံလူ ၁ဦးတို့သာ ကျန်တော့ပြီး ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ယခုနှစ်မှာ စီးရီးအေ ချန်ပီယံဆုကို ပြန်ယူဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် ခံစစ်မှူးသစ် တဦး ထပ်မံ ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တင်ပြ တောင်းဆိုခဲ့ပါတယ်။

အယ်လီဂရီရဲ့ တောင်းဆိုချက်အရ ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေက ဈေးကွက်ထဲမှာ ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့် ခံစစ်မှူးသစ် တဦးကို ခေါ်ယူဖို့ ကြိုးစား ရှာဖွေခဲ့ပြီး ပါးလ်မီးရက်စ်မှာ ကစားနေတဲ့ ဘရာဇီးလ် လူငယ်ခံစစ်မှူး ဖိလစ်ပီဟာ ဂျူဗင်တပ်ရဲ့ နံပါတ်၁ ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပက်ဒရို ဖိလစ်ပီက ဗဟိုခံစစ်မှူး နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ပါးလ်မီးရက်စ် အတွက် ၄ပွဲ ပါဝင် ကစားပေးထားပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ပက်ဒရို ဖိလစ်ပီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ဂျူဗင်တပ်ဟာ ဖိလစ်ပီကို ရာသီဝက်အငှား + ရာသီကုန်မှာ ယူရို ၂သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် စတဲ့ သဘောတူညီချက်နဲ့ ဖိလစ်ပီကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ကာ ဖိလစ်ပီဟာ ယနေ့မှာပဲ တူရင်မြို့ဆီ လာရောက်ကာ ဆေးစစ်မှု ခံယူတော့မယ်လို့ သိရပါတယ်။