အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်က မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ ပြင်သစ်ကြယ်ပွင့် ပေါလ် ပေါ့ဘာအပြင် ပီအက်စ်ဂျီနဲ့ လမ်းခွဲထားတဲ့ အာဂျင်တီးနား ကြယ်ပွင့် ဒီမာရီယာကိုပါ အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အီတလီ စီးရီးအေမှာ ဆယ်စုနှစ် တစုကြာ မင်းမူနိုင်ခဲ့တဲ့ ဂျူဗင်တပ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ရာသီမှာတော့ အီတလီ စီးရီးအေ ချန်ပီယံဆုကို မီလန်မြို့ခံအသင်းတွေ ဖြစ်ကြတဲ့ အင်တာမီလန်နဲ့ အေစီမီလန်တို့ဆီ လွှဲပြောင်းပေးခဲ့ရတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို တတ်နိုင်သလောက် အင်အားဖြည့်တင်းဖို့ ကြိုးစားနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Football Italia

ဂျူဗင်တပ်က ယခု နွေဈေးကွက် အတွင်းမှာ အရေးပါတဲ့ ကစားသမား ခေါ်ယူမှု အဖြစ် သူတို့အသင်းရဲ့ ကစားသမားဟောင်း ပေါလ် ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ဂျူဗင်တပ်က ပေါ့ဘာရဲ့ အပြောင်းအရွှေ့ကို လာမယ့် သီတင်းပတ်ထဲမှာပဲ ထုတ်ပြန် ကြေညာဖို့ ရှိနေပါတယ်။

ဆက်လက်ပြီး ဂျူဗင်တပ်က ဒိုင်ဘာလာနဲ့ မိုရာတာတို့ကို လက်လွှတ်ခဲ့ရတာကြောင့် အားနည်းနေတဲ့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ပီအက်စ်ဂျီနဲ့ လမ်းခွဲထားတဲ့ ဒီမာရီယာကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး ယနေ့မနက် အစောပိုင်းမှာပဲ ဒီမာရီယာက ဂျူဗင်တပ်ထံ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်း သိရပါတယ်။

Photo Credit: Football Italia

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မက်တီယို မော်ရက်တိုကလည်း ဂျူဗင်တပ်က ဒီမာရီယာကို ခေါ်ယူနိုင်တော့မယ်လို့ ထပ်ဆင့် အတည်ပြုပေးခဲ့ကာ ဒီမာရီယာဟာ ကနဦးမှာ ဂျူဗင်တပ်ထက် ဘာစီလိုနာဆီသာ ပြောင်းရွှေ့ချင်ခဲ့ပေမယ့် ဘာစီလိုနာဘက်က သူ့ဆီ ကမ်းလှမ်းမှုတွေ မလုပ်ခဲ့တာကြောင့် ဂျူဗင်တပ်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ပြီး မကြာခင်မှာပဲ ဂျူဗင်တပ်က ဒီမာရီယာကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာတော့မယ်လို့ ဆိုပါတယ်။

ဂျူဗင်တပ်က ဒီမာရီယာကို ၁နှစ် + ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားပြီး ဒီမာရီယာဟာ ဂျူဗင်တပ်မှာ တနှစ် အသားတင် လုပ်ခလစာ ယူရို ၅သန်း ဝန်းကျင် ရရှိဖွယ် ရှိပါတယ်။