အီတလီ စီးရီးအေ ဘောလုံးပြိုင်ပွဲရဲ့ အင်အားအကြီးဆုံး အသင်းကြီး တစ်သင်းဖြစ်တဲ့ ဂျုဗင်တပ် အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမားဖြစ်သူ ပေါလ် ပေါ့ဘာ ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင် သန်း ၅၀ နဲ့ ပြန်လည် ခေါ်ယူသွားဖို့ ရှိနေတယ်လို့ အီတလီမှာ ရှိတဲ့ သတင်းဌာနအများစုရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဂျုဗင်တပ် အသင်းအနေနဲ့ ပေါလ်ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဟာ အချိန်တစ်ခုရှိနေပြီ ဖြစ်ပြီးတော့ မကြာခဏ ဆိုသလိုပဲ ကမ်းလှမ်းမှုတွေ ရှိနေတာကြောင့် ပေါ့ဘာ အနေနဲ့ နောက် ၆ လ အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ အလားအလာ ရှိနေတာ ဖြစ်ပါတယ်။ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာ က မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ ကစားသမား ဖြစ်သူဟာ ယူနိုက်တက် အသင်းမှာ မပျော်ရွှင်တော့ကြောင်း နဲ့ ရာသီကုန်ရင် ပြောင်းရွှေ့ဖို့ စဉ်းစားထားကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

Photo Credit: Standard

ဒါ့အပြင် အကယ်၍သာ ဂျုဗင်တပ် အသင်း အနေနဲ့ ပေါ့ဘာ ကို ခေါ်ယူဖို့အတွက် ဆန္ဒရှိနေတယ်ဆိုရင် ပေါ့ဘာ အနေနဲ့ မန်ယူအသင်းကနေ စောစောစီးစီး ထွက်ခွာနိုင်ခြေလည်း ရှိနေပါတယ်။ Eurosport သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဂျုဗင်တပ် အသင်းဟာ ပေါ့ဘာကို နွေရာသီအပြောင်းအရွှေ့မှသာ ခေါ်ယူရင် အပြိုင်အဆိုင်တွေ ရှိမှာကို သေချာပေါက် သိနေတာကြောင့် နောက်လ အတွင်းမှာပဲ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူကို တူရင် ဆီ ပြန်ခေါ်ဖို့အတွက် စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ပေါ့ဘာ ကို ဂျုဗင်တပ်စ် အသင်းအပြင် လာလီဂါ ဘီလူကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီးတော့ အက်ဝါဒို ကာမာဗင်ဂါ နဲ့ ကိုင်လီယန် အမ်ဘာပေး တို့ နဲ့ အတူ ခေါ်ယူဖို့ ဦးစားပေး ကစားသမား အဖြစ် ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။ ဂျုဗင်တပ် အသင်း အနေနဲ့ ပေါ့ဘာကို ခေါ်ယူရာမှာ အဓိက အတားအဆီး ဖြစ်လာနိုင်တာကတော့ ပေါ့ဘာရဲ့ လုပ်ခလစာ ဖြစ်ပါတယ်။

Photo Credit: Standard

ပေါ့ဘာ အနေနဲ့ ယခုလက်ရှိ မန်ယူ အသင်းမှာ ရရှိနေတဲ့ လစာဟာ ဂျုဗင်တပ် အသင်းရဲ့ လစာ အများဆုံး ကစားသမား ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒို နဲ့ တန်းတူ ‌အနေအထားမှာ ရှိနေပြီးတော့ ဂျုဗင်တပ် အသင်းကသာ ပေါ့ဘာ လိုချင်တဲ့ လစာ အတိုင်းမပေးနိုင်ရင်တော့ ပေါ့ဘာ အနေနဲ့ ပြောင်းရွှေ့ဖို့ အတွက် အနည်းငယ် စဉ်းစားစရာတော့ ဖြစ်လာမှာ သေချာပါတယ်။ ဒါ့အပြင် ဂျုဗင်တပ် အသင်း အနေနဲ့ မန်ယူအသင်းက ပေါ့ဘာရဲ့ အပြောင်းအရွှေ့ တန်ကြေးကို ဆုံးဖြတ်ရာမှာလည်း လက်တွေ့မဆန်ဘူး လို့ ခံစားမိနေပုံတော့ ရပါတယ်။ ဂျုဗင်တပ် အသင်း အနေနဲ့ အများဆုံး ပေးချေ ချင်နေတဲ့ ပမာဏကတော့ ပေါင် သန်း ၅၀ ဖြစ်ပြီး အဆိုပါ ပမာဏ နဲ့ အတူ ကစားသမားအလိုက်ပေး ခေါ်ယူသွားဖို့ ကို ပိုမိုအားသန်နေတာ ဖြစ်ပါတယ်။ နောက်ဆုံး ထွက်ပေါ်ထားတဲ့ သတင်းတွေအရတော့ ဂျုဗင်တပ် အသင်းဟာ ပေါ့ဘာကို ခေါ်ယူဖို့ရာ အတွက် ပေါလို ဒီဘာလာ နဲ့ ဖက်ဒရီကို ဘန်နာဒက်ရှီ တို့ကို အလိုက်ပေးပြီး ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။