ပြန်လည်စတင်နေပြီဖြစ်တဲ့ အီတလီစီးရီးအေ ပွဲစဉ်(၂၇)ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘိုလော့ဂ်နာအသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့စီးရီးအေပွဲစဉ်ကို ဒီနေ့ ဇွန်လ(၂၃)ရက်နေ့ မနက်အစောပိုင်း (၂)နာရီ(၁၅)မိနစ်မှာ ကျင်းပစေခဲ့ကာ ဧည့်သည်ဂျုဗင်တပ်စ်အသင်းက(၂)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယားကနေ လာဇီယိုအသင်းကို (၄)မှတ်ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

စီးရီးအေ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်လို့နေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ၄-၃-၃ ကစားကွက်နဲ့အတူ အထောင်တိုက်စစ်နေရာမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ရော်နယ်ဒိုကို ဘယ်ခြမ်းတိုက်စစ်မှာ အသုံးပြုကာ ဒီဘားလား ဘာနာဒက်စကီး ပီယာနစ် ရာဘီအော့ ဘန်တန်ကာ ကွာဒရာဒို ဘနူချီ ဒီလစ် ဒီဆစ်ဂလီယို ရှက်ဇနီတို့ကို တွဲဖက်အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက ဂျုဗင်တပ်စ်အသင်းက ဖိအားပေးကစားခဲ့ကာ (၂၃)မိနစ်မှာတော့ VAR အဆုံးအဖြတ်နဲ့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ကိုပါအီတလီယာပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့ရတဲ့ ရော်နယ်ဒိုက အမှားအယွင်းမရှိ သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် (၃၆)မိနစ်မှာလည်း ဒီဘားလားက ဘာနာဒက်စကီးရဲ့ ပေးပို့မှုကနေတစ်ဆင့် ဒုတိယအနိုင်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်အစ ရော်နယ်ဒိုနဲ့ ဘာနာဒက်စကီးတို့ ဂျုဗင်တပ်စ်အသင်းအတွက် နောက်ထပ်အနိုင်ဂိုးရနိုင်မယ် အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပေမယ့် လွဲချော်ခဲ့ရသလို အိမ်ရှင်ဘိုလော့ဂ်နာမှာလည်း ပင်နယ်တီရနိုင်မယ့် အခွင့်အရေးတစ်ခုကို ပယ်ချခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ဂျုဗင်တပ်စ်အသင်းဘက်ကနေ ဆက်လက်ဖိအားပေးကစားခဲ့ပြီး ပွဲပြီးခါနီးမှာ ရော်နယ်ဒိုသွင်းဂိုးတစ်ဂိုး ထပ်ရခဲ့ပေမယ့် လူကျွံနေခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ ကစားပုံကြမ်းတမ်းမိခဲ့တဲ့ နောက်ခံလူဒန်နီလို (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။