ဂျုဗင်တပ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ (၂၀၂၀) ခုနှစ်အထိ စာချုပ် ကျန်နေသေးပေမဲ့ (၂၀၂၄) ခုနှစ်အထိ စာချုပ်သစ် ထပ်တိုးချင်နေတယ်လို့ Tuttosport က ဖော်ပြသွားခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းဟာ အသက် (၃၅) နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုကို စာချုပ်သစ် ဆက် တိုးချင်နေပြီး အရည်အချင်း ရှိတဲ့ လူငယ် တိုက်စစ်မှူး တစ်ဦးကိုလည်း ခေါ်ယူချင်နေပါတယ်။ ဂျုဗင်တပ်အသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် စီးရီးအေ ပွဲစဉ် ရပ်နားနေရတဲ့ အချိန်မှာ ပစ်မှတ်ထားလာခဲ့တဲ့ ရော်နယ်ဒိုနဲ့ စာချုပ်သစ် ထပ်တိုးဖို့ကို ဆောင်ရွက်ချင်နေလျက် ရှိနေပါတယ်။

Photo Credit: Allfootball

ရော်နယ်ဒိုဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် နေရပ် ပေါ်တူဂီနိုင်ငံကို ပြန်သွားခဲ့ပြီး လက်ရှိမှာ အသက် (၃၅) နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသဆဲ ဖြစ်ပါတယ်။ သူဟာ ဂျုဗင်တပ်အသင်းနဲ့ လာမယ့် (၂၀၂၂) ခုနှစ်အထိ စာချုပ် ကျန်ရှိနေသေးတာ ဖြစ်ပေမဲ့ ဂျုဗင်တပ်အသင်းကတော့ ဂိုးသွင်းစက် ရော်နယ်ဒိုကို စာချုပ်သစ် ထပ်တိုးချင်လျက် ရှိနေဆဲပါ။ ရော်နယ်ဒိုဟာ အသက် ကြီးလာပေမဲ့ ဂိုးသွင်းနှုန်း ထိုးကျသွားခြင်း မရှိဘဲ လက်ရှိရာသီမှာ ပွဲစဉ် (၃၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၂၅) ဂိုး နဲ့ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ထားပါတယ်။

Photo Credit: Allfootball

ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်းနဲ့ လာမယ့် (၂၀၂၄) ခုနှစ်အထိ စာချုပ် ထပ်တိုးမယ် ဆိုရင် (၂၀၂၄) ခုနှစ်မှာ အသက် (၃၉) နှစ်အရွယ် ရှိသွားတော့မှာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာတော့ ဂျုဗင်တပ်အသင်းမှာ တစ်နှစ်ကို ယူရို (၃၁) သန်း ရရှိနေတာ ဖြစ်ပြီး အသက် ကြီးလာပြီ ဆိုရင်တော့ တစ်နှစ် ဝင်ငွေကလည်း နည်းသွားဖွယ် ရှိနေပါတယ်။ ဂျုဗင်တပ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒိုကို စာချုပ်သစ် ထပ်တိုးဖို့အတွက် ပြင်ဆင်နေတဲ့ အချိန်မှာ လူငယ် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူနိုင်ဖို့အတွက်လည်း ကြိုးစားမှာ ဖြစ်ပါတယ်။ဂျုဗင်တပ်အသင်းဟာ လက်ရှိမှာတော့ တီမို ဝါနာ၊ ဟယ်ရီကိန်း၊ ဂျေဆပ် နဲ့ အီကာဒီတို့ကို စိတ်ဝင်စားလျက် ရှိပြီး ရော်နယ်ဒိုကို အစားထိုးဖို့ မဟုတ်ဘဲ တွဲကစားဖို့ ရှာတာ ဖြစ်ပါတယ်။