အလွတ် ပြောင်းရွှေ့ကြေးနဲ့ ကစားသမားတွေ ခေါ်ယူရာမှာ နာမည်ကြီးတဲ့ အီတလီ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းဟာ ဒီတခါမှာလည်း စပိန် အင်အားကြီးကလပ် ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တောင်ပံ ကစားသမား ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံ ကစားသမား ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အကယ်၍ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့ပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အခြားအသင်းတွေထံ ပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှု ရယူနိုင်မယ့် အခြေအနေကို ပိုင်ဆိုင်ထားသူပါ။

Photo Credit: Marca

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ တန်ကြေးမြင့် ကစားသမား ဖြစ်တဲ့ ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် ဒမ်ဘီလီကတော့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားပြီး သူ့ရဲ့ အနာဂတ်အတွက် အချိန်ယူ စဉ်းစားနေပါတယ်။

ဘယ်ခြေ ၊ ညာခြေ အားသန်တဲ့ ဒမ်ဘီလီဟာ မြန်နှုန်းမြင့် တောင်ပံ ကစားသမား တဦး ဖြစ်သလို တဦးချင်း အရည်အသွေးလည်း ပြည့်ဝပေမယ့် အမြဲတမ်းလိုလို ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရသူ တဦး ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်း တသင်းထဲကသာ စိတ်ဝင်စားနေပါတယ်။

Photo Credit: Marca

စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အတွက် ဒမ်ဘီလီရဲ့ အေးဂျင့်တွေနဲ့ တိတ်တဆိတ် ဆက်သွယ်မှုတွေ ပြုလုပ်နေကာ ဇန်နဝါရီလမှာပဲ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုချင်နေကြောင်း သိရပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်အသင်းရဲ့ ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားနေမှုမှာ အခက်အခဲ ဖြစ်နိုင်တာဟာ လုပ်ခလစာ ဖြစ်ပြီး ဂျူဗင်တပ်အသင်းဟာ မကြာခဏဆိုသလို ဒဏ်ရာရတတ်တဲ့ ဒမ်ဘီလီကို လက်ရှိ သူ ရရှိနေတဲ့ လုပ်ခလစာရဲ့ တဝက်ကိုသာ ပေးချေချင်နေပြီး ဒမ်ဘီလီကတော့ အဆိုပါ လုပ်ခလစာ လျော့ယူရမယ့် ကိစ္စကို လက်ခံဖို့ ခက်ခဲနိုင်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။