ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အီတလီစီးရီးအေပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ခဲ့ရတဲ့ ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ဒဏ်ရာပြသာနာအချို့ကြောင့်ရော နည်းပြသစ်ပီယာလိုရဲ့နေရာသိပ်မပေးခြင်းတွေကြောင့်ပါ ဒီဘားလားရဲ့အနာဂတ်က ဝေဝါးလာခဲ့ကာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် ကိစ္စတွေပါ အဆင်မပြေ ဖြစ်လာခဲ့တယ်လို့ အီတလီအခြေစိုက် Calcio Mercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : El Futbolero EU

အသက်(၂၆)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ လာမယ့် ၂၀၂၂ခုနှစ်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအနေအထားတွေကြောင့်လည်း ဒီဘားလားရဲ့အနာဂတ်က မရေမရာ ဖြစ်လို့နေရပါတယ်။ ဒီဘားလားဟာ ဒီရာသီမှာ ဂျုဗင်တပ်စ်အသင်းအတွက် ဗီရိုနာနဲ့ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်(၂)ပွဲအတွင်းမှာပဲ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ရပြီး ကျန်တဲ့ပွဲတွေမှာတော့ အသင်းအတွက် ကစားခဲ့ရခြင်းမရှိပဲ ဒိုင်နမိုကိဗ်ပွဲမှာလည်း လူစားဝင်အဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။

Photo Credit : Liga Olahraga

ဂျုဗင်တပ်စ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ တိုက်စစ်ပိုင်းအတွက် အဲဗာရိုမိုရာတာ ကူလူဆက်စကီးနဲ့ ချီယေဇာတို့ (၃)ယောက်ကို ခေါ်ယူအားဖြည့်ထားခဲ့ကာ အသင်းရဲ့ပွဲစဉ်တွေမှာလည်း ဆွီဒင်တောင်ပံတိုက်စစ်ကစားသမား ကူလူဆက်စကီးကိုလည်း နည်းပြပီယာလိုက နေရာပေးလေ့ရှိနေပါတယ်။ ပီယာလိုအနေနဲ့ကလည်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်မိုရာတာကို အထောင်တိုက်စစ်နေရာမှာထားကာ ကိုရိုနာဗိုင်းရပ်ပ်စ် ကူးစက်မှုကနေ သက်သာလာပြီဖြစ်တဲ့ ရော်နယ်ဒိုကို ဘယ်ခြမ်းတိုက်စစ်မှာထားပြီး ဒီဘားလားထက် ကူလူဆက်စကီးကိုပဲ နေရာပေးဖွယ် ရှိနေပါတယ်။ ဒီလိုအခြေအနေတွေ ရှိနေရတဲ့ ဒီဘားလားဟာ လက်ရှိမှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက်က ပွဲထွက်ခွင့်ပိုင်းမှာရော ငွေကြေးအပိုင်းမှာပါ အဆင်မပြေ ဖြစ်နေရပါတယ်။ ဒီဘားလားက သူ့ကို စာချုပ်သက်တမ်းတိုးဖို့အတွက် တစ်နှစ်ကို ယူရို(၁၅)သန်းအထိ အလိုရှိနေပြီး ဂျုဗင်တပ်စ်ဘက်ကတော့ အသင်းရဲ့ ဘဏ္ဍာရေးပိုင်း အကျပ်အတည်းတွေကြောင့် ယူရို(၁၀)သန်းလောက်နဲ့သာ ကမ်းလှမ်းဖွယ်သာ ရှိနေပါတယ်။ ဆိုတော့ ဒီလိုအခြေအနေတွေကြောင့် ဒီဘားလားနဲ့ ဂျုဗင်တပ်စ်တို့ဟာ လာမယ့်နှစ်စျေးကွက်လောက်မှာပဲ လမ်းခွဲသွားဖွယ်ရှိနေပြီး လတ်တလောမှာလည်း သူ့ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူသွားဖို့ ဟန်ပြင်လျက်ရှိနေပါတယ်။