စီးရီးအေ အင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ မန်ယူအသင်းမှာ ကစားနေတဲ့ သူတို့အသင်းရဲ့ ကွင်းလယ်လူဟောင်း ပေါလ်ပေါ့ဘာကို ပြန်လည် ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်လျက်ရှိတယ် လို့ အီတလီသတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၂၆နှစ်အရွယ် ပေါ့ဘာဟာ မန်ယူအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ် လာတဲ့ ကစားသမားဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်တွေကို ဂျူဗီ အသင်းမှာ ရရှိခဲ့တာဖြစ်ပြီး ဂျူဗီအသင်းမှာ ပြသခဲ့တဲ့ ကမ္ဘာ့အဆင့်ခြေစွမ်းတွေကြောင့် သူ့ကို မွေးထုတ်ပေးခဲ့တဲ့ မန်ယူအသင်းဆီကို ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြန်ပြီး ပြောင်းရွှေ့သွားတဲ့ ကစားသမားပါ။

Photo Credit: The Sun.com

လက်ရှိအချိန်မှာတော့ ပေါ့ဘာဟာ မန်ယူ အသင်းကနေ ထွက်ခွာဖို့အတွက် စိတ်ဆန္ဒတွေ ပြင်းပျနေသူဖြစ်ပြီး အသင်းမှာ ကစားခဲ့တဲ့ သုံးရာသီအတွင်း ယူရိုပါလိဂ်ဖလားတစ်လုံးတည်းကိုသာ အဓိက ဖလားအဖြစ် ရရှိခဲ့မှုကို မကျေမချမ်းဖြစ်နေကာ ပြည်တွင် အမှတ်ပေးဖလား ဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားကိုလည်း စိန်ခေါ်နိုင်မှုမရှိတဲ့ အနေအထားတွေကြောင့် လာမယ့်နွေရာသီမှာ အသင်းပြောင်းမယ်လို့ သတင်းကြီးနေသူပဲ ဖြစ်ပါတယ်။ မန်ယူ အသင်းကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ပေါ့ဘာကို လွယ်လွယ်ကူကူ လက်လွှတ်သွားမှာ မဟုတ်ပဲ ပေါ့ဘာကို ခေါ်ယူလိုတဲ့ အသင်းရှိပါက ပြောင်းရွှေ့ကြေးကို ပေါင် ၁၀၀ သန်းအထက် တောင်းဆိုသွားဖို့ ရှိတယ် လို့ သိရှိရပါတယ်။

Photo Credit: The Sun.com

အီတလီဘောလုံး သတင်းထောက်တွေရဲ့ အဆိုအရတော့ ဂျူဗင်တပ်အသင်းဟာ မန်ယူအသင်းတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀ သန်းကို အပြည့်အဝ ပေးချေလိုခြင်း မရှိပေမယ့် ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားနေတာကိုလည်း မဖျက်သိမ်းသေးပဲ ကစားသမားတစ်ဦးနဲ့ ပြောင်းရွှေ့ကြေး အချို့ပေးချေကာ ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရှိထားရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂျူဗင်တပ် အသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်လူ ပီဂျာနစ်နဲ့ တိုက်စစ်မှူး ဒိုင်ဘာလာတို့ နှစ်ဦးထဲက တစ်ဦးကို အလိုက်ပေးကာ ပေါ့ဘာကို ခေါ်ယူသွားမှာ ဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ နွေရာသီတုန်း က မန်ယူအသင်းထံကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ ဒိုင်ဘာလာဟာလဲ တိုးတက်လာတဲ့ မန်ယူ အသင်းရဲ့ အနေအထားကိုကြည့်ကာ အပြောင်းအရွှေ့လုပ်ဖို့ စဉ်းစားမယ်လို့ ယုံကြည်လျက် ရှိပါတယ်။