ဂျုဗင်တပ်စ်အသင်းဟာ စပါးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေတဲ့အပြင် နည်းပြဟိုဆေးမော်ရင်ဟိုနဲ့လည်း အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပါအဝင် အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အာရွန်ရမ်ဆေးကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့်လည်း စပါးအသင်းဘက်ကနေ ဒီကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Goal

ပြင်သစ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီဟာ မနှစ်ကမှ လိုင်ယွန်အသင်းကနေ စပါးအသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပေမယ့်လည်း နည်းပြမော်ရင်ဟိုနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေဖြစ်နေရာကနေ ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့သလို အသင်းကနေ ပြန်လည်ထွက်ခွာဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ အမ်ဒွန်ဘီလီကို ဂျုဗင်တပ်စ်အသင်းကနေ စိတ်ဝင်စားလာခဲ့ပြီး ခေါ်ယူချင်နေတာကြောင့် ပြောင်းရွှေ့ကြေးအပြင် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ အာဆင်နယ်ကစားသမားဟောင်း ရမ်ဆေးကိုပါ အလိုက်ပေးကမ်းလှမ်းလာခဲ့ရာ စပါးဘက်ကနေ ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီဟာ စပါးအသင်းကို နည်းပြမော်ရင်ဟို ပြောင်းလဲကိုင်တွယ်ချိန်ကနေစတင်ပြီး ပရီးမီးယားလိဂ်မှာ (၃)ပွဲလေးပဲ ပွဲထွက်ကစားခဲ့ရသလို ပွဲတော်တော်များများမှာတော့ အရန်ကစားသမားအဖြစ်ပဲ သတ်မှတ်ခံခဲ့ရပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီဟာ ဘောလုံးပွဲတွေ ပြန်လည်စတင်ကစားချိန်မှာလည်း စပါးအသင်းအတွက် လုံးဝကို ပွဲထွက်မကစားရသေးပဲ ရှက်ဖီးယူနိုက်တက်အသင်းကို (၃)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတောင် ပွဲပြီးခါနီး (၁၉)မိနစ်လေးပဲ ပါဝင်ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေရှိနေတဲ့ အမ်ဒွန်ဘီလီဟာ လာမယ့်စျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာချင်နေပြီး နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ ဆက်လက်ကစားချင်စိတ်မရှိတော့ဘူးလို့ပါ ပြောဆိုလို့ထားခဲ့ပါတယ်။ အမ်ဒွန်ဘီလီကို ဂျုဗင်တပ်စ်အသင်းအပြင် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ကလည်း စိတ်ဝင်စားလို့နေပြီး စပါးအသင်းကတော့ သူတို့ကစားသမားကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။