အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းဟာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ရိုနယ်ဒိုကို ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဖြစ်တဲ့ ပေါလ်ပေါ့ဘာနဲ့ တိုက်ရိုက် အလဲအထပ် လုပ်ဖို့ စိတ်ဝင်စား နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေနဲ့ နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ရိုနယ်ဒိုဟာ လာမယ့် ဖေဖော်ဝါရီလမှာ အသက် ၃၆နှစ် ပြည့်မှာ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်နေဆဲ ဖြစ်ကာ တစ်ဖက်မှာ ပေါလ်ပေါ့ဘာဟာ အသက် ၂၇နှစ် အရွယ်သာ ရှိသေးပြီး ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: United in Focus

ရိုနယ်ဒိုနဲ့ ပေါ့ဘာတို့ဟာ သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိသူတွေ ဖြစ်ပေမယ့် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ကစားသမား ဖြစ်ပြီး ရိုနယ်ဒိုကတော့ ဂျူဗင်တပ် အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ ဆက်ရှိနေဖို့ များနေတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ အီတလီ အခြေစိုက် သတင်းဌာန အများစုရဲ့ ဖော်ပြချက် အရတော့ ဂျူဗင်တပ် အသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ပေါ့ဘာကို ခေါ်ယူဖို့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရပြီး ကနဦးမှာ ဂျူဗင်တပ် အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ် ကစားသမား ဒိုင်ဘာလာနဲ့ ပေါ့ဘာကို အလဲအထပ် ပြုလုပ်ချင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချဖွယ် ရှိနေပါတယ်။

Photo Credit: United in Focus

ဥရောပ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Independent သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျူဗင်တပ် အသင်းမှာ ရှိနေတဲ့ သူတို့အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ရိုနယ်ဒိုနဲ့ ပေါ့ဘာကိုသာ အလဲအထပ် လုပ်ချင်နေပြီး ရိုနယ်ဒိုရဲ့ မြင့်မားတဲ့ လုပ်ခလစာကိုလည်း သူတို့အသင်းရဲ့ အဓိက စပွန်ဆာဖြစ်တဲ့ Chevrolet ကုမ္ပဏီက တစ်ဝက်နီးပါး စိုက်ထုတ်ပေးဖွယ် ရှိကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း ဂျူဗင်တပ် အသင်းဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ကာလ အတွင်းမှာ အကျပ်အတည်းတွေ ဖြစ်နေတဲ့ သူတို့အသင်းရဲ့ ဘဏ္ဏာရေး အခြေအနေကြောင့် ရိုနယ်ဒိုကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချချင်နေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကသာ ပေါ့ဘာနဲ့ ရိုနယ်ဒိုကို အလဲအထပ် လုပ်ဖို့ တောင်းဆိုလာပါက လက်ခံသွားမှာ ဖြစ်ကြောင်း ဂျူဗင်တပ် အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟထားပါတယ်။ ရိုနယ်ဒို တစ်ယောက် မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြန်လည် ရောက်ရှိလာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။