စီးရီးအေရဲ့ အင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကို ခေါ်ယူဖို့အတွက် စိတ်ဝင်တစား စောင့်ကြည့်နေတယ် လို့ သိရပါတယ်။

Photo Credit: Express.com

အသက်၄၉နှစ်အရွယ် ဂွာဒီယိုလာဟာ လက်ရှိဘောလုံးရာသီမှာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ မရှိတဲ့ အနေအထားကြောင့် ယခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူဖို့အတွက် ပစ်မှတ် ထားနေတာဖြစ်ပြီး အကယ်၍ ချန်ပီယံလိဂ် ဖလားကိုသာ ရယူနိုင်ခဲ့ခြင်းမရှိပါက မန်စီးတီးအသင်းကနေ ထွက်ခွာရနိုင်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Express.com

ဒါ့အပြင် မန်စီးတီးအသင်းနဲ့ ဂွာဒီယိုလာတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဂွာဒီယိုလာအနေနဲ့ လက်ရှိဘောလုံးရာသီ ကုန်ဆုံးချိန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာနိုင်တဲ့ အနေအထားတွေရှိတာကြောင့် ဂွာဒီယိုလာကို ခေါ်ယူဖို့အတွက် အသင်းတချို့က စောင့်ကြည့်နေကြပါတယ်။

Photo Credit: Express.com

ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ဂွာဒီယိုလာကို ခေါ်ယူဖို့အတွက် စိတ်အဝင်စားဆုံး အသင်းတွေဖြစ်နေကြောင်း သိရကာ အီတလီသတင်းစာတွေကတော့ ဂျူဗင်တပ်အသင်းဟာ ဂွာဒီယိုလာကို ခေါ်ယူဖို့အတွက် ပိုမို အခြေအနေကောင်းတယ်လို့ ဖော်ပြထားကြပါတယ်။