အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)မှာရှိနေပြီး တန်းဆင်းရနိုင်တဲ့ အနေအထားတွေနဲ့ နီးစပ်လို့နေတဲ့ အူဒီနီးစ်အသင်းနဲ့ အီတလီစီးရီးအေ ချန်ပီယံဆုကို (၉)နှစ်ဆက်တိုက် ပိုင်ဆိုင်နိုင်ဖို့အတွက် အလွန်ကိုနီးစပ်လို့နေတဲ့ ဂျုဗင်တပ်စ်အသင်းတို့ ဒီနေ့ညမှာ စီးရီးအေပွဲစဉ်(၃၅)အဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားခဲ့ကာ အိမ်ရှင်အူဒီးနီစ်က နောက်ကျသွင်းဂိုးနဲ့ ဂျုဗင်တပ်စ်ကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဒီပွဲကို အနိုင်ရလိုက်တာနဲ့ စီးရီးအေချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်တော့မယ့် ဂျုဗင်တပ်စ်အသင်းဟာ လူစာရင်းမှာတော့ အပြောင်းအလဲအနည်းငယ်ကို လုပ်ဆောင်လာခဲ့ပြီး ဘနူချီကို အနားပေးလာခဲ့သလို ကွာဒရာဒိုကိုလည်း အရန်မှာပဲ အသုံးပြုလာခဲ့ပါတယ်။ ပွဲထွက်လူစာရင်းမှာတော့ ရော်နယ်ဒို ဒီဘားလား ဘာနက်ဒက်စကီး ရမ်ဆေး ရာဘီအော့ ဘန်တန်ကာ ဒီလစ် ဒန်နီလို ရူဂါနီ ဆန်ဒရို ရှက်ဇနီတို့ ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင်အူးဒီနီးစ်ကလည်း အဓိက ကစားသမားတွေ အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ခံစစ်ပိုင်းကိုတော့ ပိုမိုအာရုံစိုက်ကစားလာခဲ့ပါတယ်။ အူးဒီနီးစ်ရဲ့ ခံစစ်ကစားပုံ ကျစ်လစ်နေမှုကြောင့်ပဲ ဂျုဗင်တပ်စ်အသင်းဟာ ပထမပိုင်းကတည်းက အူးဒီနီးစ်ရဲ့ခံစစ်အတွင်းပိုင်းကို ထိုးဖောက်ဖို့ ခက်ခဲနေရတာကြောင့် အဝေးကန်ချက်တွေနဲ့ပဲ ဂိုးပေါက်ခြိမ်းခြောက်ခဲ့ရပြီး ဂိုးရဖို့က အတော်လေးကို ရုန်းကန်နေခဲ့ရပါတယ်။ ပထမကပိုင်းပြီးခါမှသာ နောက်ခံလူဒီလစ်ရဲ့ ဧရိယာအပြင်ဘက်ကန်ချက်နဲ့ ဂျုဗင်တပ်စ်တို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

သွင်းဂိုးခွင့်ပြုလိုက်ရပေမယ့် အိမ်ရှင်အသင်းဟာ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ တုန့်ပြန်ကစားလာခဲ့ရင်း (၅၂)မိနစ်မှာတော့ တိုက်စစ်ကစားသမား နက်စတိုရော့ဗ်စကီးက ဆီမာရဲ့ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက်အဆုံးသတ်ပြီး ချေပဂိုးပြန်လည်သွင်းယူသွားခဲ့ပါတယ်။ ချေပဂိုးပြန်လည်ခွင့်ပြုလိုက်ရတဲ့နောက်မှာ ဂျုဗင်တပ်စ်က ကစားသမားအပြောင်းအလဲတွေ လုပ်ဆောင်လာပြီး ကစားအားကို မြင့်တင်လာခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းရဲ့ခံစစ်မာကျောမှုနဲ့ ကောင်တာတွေကနေ တချက်တချက် ဒုက္ခပြန်ပေးနိုင်တဲ့ ကစားဟန်ကြောင့် ဂျုဗင်တပ်စ်တို့ ကစားရပိုခက်သွားစေခဲ့ပါတယ်။ နာကျင်အချိန်မှာတော့ ဖိုဖာနာက အိမ်ရှင်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။