အီတလီစီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းဟာ သူတို့အသင်းမှာ ပုံမှန်နေရာတစ်ခုအတွက် အာမခံချက် သိပ်မပေးနိုင်တဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို အသုံးချပြီး ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေဟာ နေ့စဉ်နဲ့အမျှ ထွက်ပေါ်လျက်ရှိနေပြီး အခုလည်း အီတလီအခြေစိုက် နာမည်ကျော်သတင်းမီဒီယာ Calcio Mercato ကနေ ဖော်ပြလာချက်အရ ဂျုဗင်တပ်စ်ဘက်ကနေ ဒီဘားလားကို အသုံးချပြီး ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား အီကာဒီနဲ့ တိုက်ရိုက်လဲလှယ်ဖို့ ကမ်းလှမ်းလာဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Juvefc

အသက်(၂၇)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက စီးရီးအေရဲ့ အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ စီးရီးအေပွဲစဉ်(၉)ပွဲမှာ (၃)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရသလို (၂)ပွဲပဲ ပွဲချိန်ပြည့်ကစားခဲ့ရပါတယ်။ လတ်တလောမှာလည်း ဒီဘားလားဟာ အသင်းနည်းပြပီယာလိုနဲ့ အဆင်မပြေ ဖြစ်လို့နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လို့နေကာ ဒီရာသီမှာလည်း အသင်းဆီကို မိုရာတာ ချီယေဇာ ကူလူဆက်စကီးတို့လို တိုက်စစ်ကစားသမားတွေ အစုလိုက်အပြုံလိုက် ရောက်ရှိလာတာကြောင့်လည်း ဒီဘားလားရဲ့ ပွဲကစားခွင့်တွေ အကန့်အသတ် ပိုဖြစ်လာခဲ့ရပါတယ်။

Photo Credit : Sempreinter

ဒီလိုအခြေအနေရှိနေတဲ့ ဒီဘားလားကို အသုံးချပြီး ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား မာရိုအီကာဒီနဲ့ တိုက်ရိုက်လဲလှယ်သွားဖို့ ကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ Calcio Mercato မီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွှယ်ရှိ အင်တာမီလန်အသင်းရဲ့တိုက်စစ်မှူးဟောင်းအီကာဒီကလည်း ၂၀၁၉ခုနှစ်က အင်တာကနေ ပီအက်စ်ဂျီအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး အငှားစာချုပ် ပြည့်မြောက်ချိန်မှာတော့ ယူရိုသန်း(၅၀)နဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ အီကာဒီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၂၀)အထိ သွင်းယူထားနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရော ဒူးဒဏ်ရာကြောင့်ပါ အသင်းရဲ့ ပွဲစဉ်အများစုကို လွဲချော်ထားခဲ့ရပြီး လက်ရှိအချိန်ထိ လီဂူးပွဲပေါင်း (၅)ပွဲသာ ကစားထားခဲ့ရာကာ သွင်းဂိုး(၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိမှာ နေမာ ဘာပေတို့ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အားထားနေရပြီး အဲဗာတန်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ လူငယ်တိုက်စစ်မှူးလေး မွိုက်စ်ကင်းကလည်း ခြေစွမ်းပြနေတာကြောင့် အီကာဒီအနေနဲ့ ဒဏ်ရာကနေ ပြန်သက်သာလာချိန်မှာ အရင်လို နေရာပြန်ရဖို့က ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ တိုက်ရိုက်အလဲအထပ်ကို လာမယ့်နွေစျေးကွက်အတွင်းမှာ ဖြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။