မန်ချက်စတာယူနိုက်တက်အသင်း အခု နွေစျေးကွက်အတွင်း လှုပ်ရှားမှုတွေက တကယ့်ကို အားရစရာကောင်းပါတယ်။ ကစားသမား(၂)ဦးတည်းကိုသာ ခေါ်ယူထားခဲ့ပေမယ့် ဒီကစားသမားတွေက အသင်းအတွက် တကယ့်ကို အလိုရှိနေတဲ့သူတွေ ဖြစ်နေတဲ့အပြင် ထိပ်တန်းကစားသမားတွေလည်း ဖြစ်တာကြောင့် ယူနိုက်တက်ပရိသတ်တွေ အရမ်းကို စိတ်ကျေနပ်စရာပါ။ ဒါပေမယ့် ကလပ်အသင်းတစ်သင်းဘက်ကနေ ကြည့်မယ်ဆိုရင် အခုလို ကိုဗစ်ကာလမျိုးမှာ ဝင်ငွေထွက်ငွေ မျှတနေပြီး အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေ ဟန်ချက်ညီနေဖို့ ပိုလိုအပ်တာကြောင့် ကစားသမားအထွက်ကနေလည်း ငွေကြေးတစ်စုံတစ်ရာ ပြန်လည်ရရှိဖို့က လိုအပ်နေပါသေးတယ်။

Photo Credit : News Logics

ယူနိုက်တက်အသင်းဟာ နွေစျေးကွက်ထဲမှာ ဆန်ချို ဗာရန်းနဲ့ ဟီတန်တို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၁၅)သန်းနဲ့ ခေါ်ယူထားခဲ့ပြီး အသင်းကနေ တာဟစ်ချောင်ကို ဘာမင်ဂမ်အသင်းဆီ အငှားချ ဂိုးသမား ပယ်ရဲရားကို အပြီးသတ်ရောင်းချထားကာ ဂိုးသမားရိုမဲရိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ထားပါတယ်။ ဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ကစားသမားအထွက်ကနေ ငွေကြေးတစ်စုံတစ်ရာမှ မရရှိသေးပဲ အသင်းရဲ့ဘဏ္ဍာရေး ဟန်ချက်ညီဖို့နဲ့ ကစားသမား အများအပြား အသင်းမှာ စုပြုံမနေဖို့အတွက် ကစားသမား (၆)ယောက်ခန့်လောက်အထိကို လက်လွတ်သွားရဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

ဒီကစားသမားတွေကတော့ နောက်ခံလူတွေဖြစ်တဲ့ ဖေးလ်ဂျုံးစ် တွမ်ဇီဘီ ဘရန်ဒန်ဝီလီယံစ် ဒါလော့နဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ လင်ဂတ် ပါရဲယားတို့ပဲ ဖြစ်ပါတယ်။ ဒီကစားသမားတွေထဲမှာ လင်ဂတ်တစ်ယောက်လောက်ပဲ ယူနိုက်တက်မှာ ဆက်လက်ပါဝင်ရဖွယ် ရှိနေတယ်ဆိုပေမယ့် အသင်းရဲ့ကွင်းလယ်ဖန်တီးမှု အပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ကို ကျော်လွန်ပြီး နေရာရဖို့ မလွယ်ကူတာ ဖြစ်ပါတယ်။ ဒါကြောင့် လင်ဂတ်ရဲ့ အနာဂတ်ဟာလည်း အရမ်းမသေချာသေးတဲ့ အနေအထားမျိုး ဖြစ်နေရပါတယ်။ ဒါ့အပြင် ပြင်သစ်လက်ရွေးစင် ထိပ်တန်းနောက်ခံကစားသမား ဗာရန်းရောက်ရှိလာမှုကြောင့် အသင်းမှာ နေရာပျောက်ရတော့မယ့် ဖေးလ်ဂျုံးစ်နဲ့ တွမ်ဇီဘီတို့ဟာလည်း ယူနိုက်တက်နဲ့ လမ်းခွဲရနိုင်ပါတယ်။ နောက်ပြီး လုခ်ရှော အဲလက်စ်တဲလက်စ်တို့ကြောင့် နေရာပျောက်နေရတဲ့ လူငယ်ကစားသမားလေး ဝီလီယံစ်နဲ့ အသင်းမှာ ပုံမှန်နေရာရဖို့ အတော်လေးကို ခဲယဉ်းနေတဲ့ ကွင်းလယ်လူ ပါရဲယားတို့ဟာလည်း ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ရနိုင်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ဒန်နီရယ်ဂျိမ်းစ်အပါအဝင် အသင်းရဲ့လူငယ်ကစားသမားတချို့ကိုလည်း အငှားချထားရဖွယ် ရှိလာနိုင်ပါတယ်။