ဘာစီလိုနာအသင်း ကွင်းလယ် ကစားသမားကတော့ ဒီဂျောင်ကတော့ မနေ့ညက ရီးရဲလ်ဘက်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်သွားခဲ့တဲ့ မက်ဆီကို ချီးကျူးခဲ့ပြီး ကိုယ့်ဖက်ကသာ နေရာလွတ်ရှာနိုင်တယ် ဆိုရင် မက်ဆီက ရှာတွေ့ပြီး ဖန်တီးပေးပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ (၂-ဝ) နဲ့ ဦးဆောင်ခံခဲ့ရာကနေ နောက်က လိုက်ကစားခဲ့ပြီး ဒီဂျောင်၊ ဘက်စကွတ် နဲ့ လန်ဂလတ်တို့ရဲ့ ချေပဂိုးတွေကြောင့် (၂-၃) နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Marca

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အသင်းရဲ့ အားကစား ဒါရိုက်တာ အဘီဒယ်နဲ့ တင်းမာမှုတွေ ရှိနေပေမဲ့လည်း မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ အကောင်းဆုံး ခြေစွမ်းကို ပြသသွားခဲ့ပြီး ချေပဂိုး (၃) ဂိုးစလုံးကို ဂိုးဖန်တီးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကွင်းလယ်လူ ဒီဂျောင်က မက်ဆီနဲ့ တွဲကစားရတာ လွယ်ကူပြီး ကိုယ့်ဖက်ကသာ နေရာလွတ် ရှာနိုင်တယ်ဆိုရင် မက်ဆီက ရှာတွေ့ပြီး ဂိုးဖန်တီးမှု ပြုလုပ်ပေးပါလိမ့်မယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

Photo Credit: Marca

ဒီဂျောင်က “ကျွန်တော် ပိုပြီး ကောင်းလာပါတယ်။ ဒါပေမဲ့ ကျွန်တော် အပြည့်အဝ အံ့ဝင်ခွင့်ကျ မဖြစ်သေးပါဘူး။ ပြီးခဲ့တဲ့ အပတ်ကထက် ပိုကောင်းအောင် ကစားခဲ့တယ်လို့တော့ ကျွန်တော် ထင်ပါတယ်။ အနိုင် ရရှိပြီး ရမှတ် (၃) မှတ် ရယူတာက အရေးကြီးပါတယ်။ မက်ဆီနဲ့ ကစားရတာက လွယ်ကူပါတယ်။ ကျွန်တော် သူနဲ့ အထူး ကောင်းမွန်တဲ့ ဆက်ဆံရေးတော့ မရှိပါဘူး။ နေရာလွတ်ကိုသာ ရှာနိုင်တယ် ဆိုရင် မက်ဆီက ရှာတွေ့ပါလိမ့်မယ်”လို့ ပြောသွားခဲ့ပါတယ်။