မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗဟိုနောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ ဘယ်ဂျီယံလက်ရွေးစင်အသင်းနဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အတွင်း ဒုတိယပိုင်း ပွဲကစားချိန်(၆၉)မိနစ်မှာ လူစားလဲခံခဲ့ရတာက ပေါင်ဒဏ်ရာကြောင့်မဟုတ်ပဲနဲ့ အရမ်းကို ပင်ပန်းနွမ်းနွယ်နေလို့သာဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ စိတ်ပူစရာမရှိဘူးလို့ သူရဲ့အင်စတာဂရမ်ကနေ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် နောက်ခံကစားသမား ဘိုင်လီဟာ သူ့လို ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ ပေပေ ဇာဟာ အော်ရီယာတို့နဲ့အတူ ခြေစမ်းပွဲအတွင်းမှာ ပါဝင်ကစားခဲ့ပြီးနောက် ဒုတိယပိုင်း ပွဲချိန်(၆၉)မိနစ်မှာ ဒဏ်ရာရသွားဟန်ရှိလို့ ဘိုင်လီကို အိုင်ဗရီကို့စ်နည်းပြကနေ လူစားလဲခဲ့ပေမယ့် ဘိုင်လီကတော့ ဒီလိုလူစားလဲခံခဲ့ရတာက ဒဏ်ရာအခြေအနေကြောင့်မဟုတ်ပဲနဲ့ အရမ်းပင်ပန်းနေရလို့သာဖြစ်တယ်လို့ အင်စတာဂရမ်ပေါ်ကနေ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

Photo Credit : Twitter

ဘိုင်လီက “ကျွန်တော့်ကို စိတ်ပူပြီး စိုးရိမ်နေကြသူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အကုန် အဆင်ပြေနေပါတယ်။ ဒါက ပင်ပန်းနွမ်းနွယ်နေလို့သာ ဖြစ်သွားခဲ့တာပါ။ အားလုံးပဲ မင်္ဂလာညချမ်းလေးဖြစ်ပါစေ။ ဘုရားသခင်က အားလုံးကို စောင့်ရှောက်ကြပါစေ။ ဖီဖာရဲ့ ကမ္ဘာ့အဆင့်(၁)ဖြစ်နေတဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ရလဒ်ကောင်းတစ်ခု ရယူနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိပါတယ်” လို့ ပွဲအပြီးမှာ သူရဲ့အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။ ဘိုင်လီရဲ့ အိုင်ဗရီကို့စ်အသင်းနဲ့ နာမည်ကျော် လက်ရွေးစင်အသင်း ဘယ်ဂျီယံတို့ ခြေစမ်းပွဲအတွင်းမှာ ဘယ်ဂျီယံအသင်းအတွက် တိုက်စစ်မှူးဘတ်ရှုအာယီက အဖွင့်ဂိုးကို စတင်သွင်းယူတာဖြစ်ပြီး ပွဲပြီးခါနီး (၃)မိနစ်အလိုမှသာ ကွင်းလယ်လူ ကတ်ဆေးကနေ အိုင်ဗရီကို့စ်အတွက် ပင်နယ်တီကနေ ချေပဂိုးပြန်လည်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘိုင်လီဟာ လာမယ့် (၁၃)ရက်နေ့မှာ သူရဲ့အိုင်ဗရီကို့စ်အသင်းနဲ့အတူ နောက်ထပ်ခြေစမ်းပွဲအဖြစ် ဂျပန်လက်ရွေးစင်အသင်းနဲ့ နယ်သာလန်ကလပ် အူးထရက်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ဒီပွဲစဉ်မှာလည်း ပါဝင်ကစားဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဘိုင်လီဟာ လာမယ့်(၁၇)ရက်နေ့မှာ နယူးကာဆဲလ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာလည်း ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းအတွင်း ပါဝင်ကစားဖွယ် ရှိနေပါတယ်။