ပရီးမီးယားလိဂ် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ယာဂင် ကလော့ပ်ကတော့ လာမယ့် ဇွန်လမှာ ယှဉ်ပြိုင်ကစားမယ့် ယူရို ၂၀၂၁ပြိုင်ပွဲအတွက် အသင်းရဲ့ အဓိက ခံစစ်မှူး ဖြစ်သူ ဗာဂျယ် ဗန်ဒိုက်ကို မရွေးချယ်ဖို့ နယ်သာလန်အသင်းကို တောင်းဆိုမှုတခု ပြုလုပ်သွားခဲ့ပါတယ်။ အသက် ၂၉နှစ်အရွယ် နယ်သာလန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ အဓိက ခံစစ်မှူး ဗာဂျယ်ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီမှာ အဲဗာတန်အသင်းရဲ့ ဂိုးသမား ဖြစ်သူ ပစ်ဖို့ဒ်နဲ့ ထိခိုက်မိကာ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့ပြီး ကာလရှည် အနားယူခဲ့ရတဲ့ ကစားသမားတဦး ဖြစ်ကာ မကြာမီမှာတော့ လီဗာပူးအသင်း အတွက် ပြန်လည် ကစားပေးနိုင်ဖို့ နီးစပ်နေသူပါ။

Photo Credit: Standard

ဗန်ဒိုက်ဟာ လက်ရှိမှာ အပေါ့စား လေ့ကျင့်ခန်းတွေကို ပြန်လည် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း သူ့ရဲ့ ပရိသတ်တွေကို အသိပေးထားကာ မကြာမီမှာတော့ ပုံမှန် လေ့ကျင့်ခန်းတွေကို ပြန်လည် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း လီဗာပူးအသင်းရဲ့ ဆေးအဖွဲ့က ခန့်မှန်းထားပါတယ်။ အဲ့ဒါကြောင့်ပဲ ယူရို ၂၀၂၁ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ နယ်သာလန်အသင်းဟာ သူတို့အသင်းရဲ့ ပြိုင်ပွဲဝင် လူစာရင်းမှာ ဗန်ဒိုက်ကို ထည့်သွင်းဖို့ စဉ်းစားနေတာ ဖြစ်ပြီး လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာကနေ ပြန်ကောင်းခါစ ဖြစ်တဲ့ သူ့ရဲ့ ကစားသမားကို ယူရိုပြိုင်ပွဲမှာ ရွေးချယ်ဖို့ မသင့်ကြောင်းနဲ့ နယ်သာလန်အသင်းဟာ ဗန်ဒိုက်ကို ဖိအားမပေးသင့်ဘူးလို့ ဆိုလာပါတယ်။

Photo Credit: Standard

ဗန်ဒိုက်ကို လက်ရွေးစင်အသင်း အတွက် မရွေးချယ်သင့်ကြောင်းကို ကလော့ပ်က – “ကျွန်တော်က ဗန်ဒိုက်ကို ဆွဲမထားချင်ပါဘူး။ ဒါပေမယ့် သူ့ကိုလည်း ခင်ဗျားတို့က ဖိအားမပေးသင့်ပါဘူး။ ခင်ဗျားတို့လည်း ဒီလောက အကြောင်းကို ကောင်းကောင်း သိတာပဲလေ။ တကယ်လို့ ကစားသမားတယောက်က ဘောလုံးကစားချင်ရင် အဲ့ဒီမတိုင်ခင် သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ရမှာပါ။ အဲ့လိုမျိုး လေ့ကျင့်တာက သီတင်းပတ် အများကြီး လိုပါတယ်။ တပတ်ထဲနဲ့ မရပါဘူး။ ခင်ဗျားက ၁၀လ ၊ ၁၁လလောက် အနားယူခဲ့ရပြီး ၁ပတ်ထဲ လေ့ကျင့် ၊ ပြီးတော့ ကစားရမယ်ဆိုရင် ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။ ဘယ်သူမှတော့ ဗန်ဒိုက်ကို ဆွဲမထားသင့်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး နယ်သာလန်က လူတွေ အားလုံးကို ကျွန်တော် ကတိပေးနိုင်ပါတယ်။ ကျွန်တော်တို့က ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဗန်ဒိုက်ကို ဖိအားပေးလို့ မရပါဘူး။ ဖိအားလည်း မပေးသင့်ပါဘူး။ ကျွန်တော်တို့က ကစားသမားတယောက်ရဲ့ အကြောင်း ၊ ကစားသမားတယောက်ရဲ့ ဘဝနဲ့ ပတ်သတ်ပြီး ပြောနေကြတာပါ။ အဲ့ဒါကြောင့် ဘယ်သူကမှ သူ့ကို ဖိအားမပေးသင့်ပါဘူး။ နယ်သာလန်အသင်းကလည်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့လည်း လုပ်လို့ မရပါဘူး။ ဗန်ဒိုက်လည်း ပါပါတယ်။ အမြန်ဆုံး ကြံ့ခိုင်မှု ပြည့်ဝဖို့က အရေးကြီးပါတယ်” လို့ ပြောကြားခဲ့တာပါ။