MySport Myanmar

ဆာလာထက် ဂျူလီယန် ဘရန့်ကိုသာ ပိုမို အလိုရှိခဲ့တဲ့ ယာဂင် ကလော့ပ်

လီဗာပူးလ်အသင်းရဲ့ သုတေသနဌာနဟောင်းအကြီးအကဲ အိုင်ယန် ဂရေဟမ်က အသင်းနည်းပြဟောင်းကြီး ယာဂင် ကလော့ပ်ဟာ မိုဟာမက် ဆာလာကို ခေါ်ယူဖို့ အစပိုင်းမှာ စိတ်မဝင်စားခဲ့ဘဲ သူ့ကို အသင်းဆီ ရောက်ရှိလာအောင် ခေါ်ဖို့ စည်းရုံးခဲ့ရတယ်လို ဖွင့်ဟလိုက်ပါတယ်။

၂၀၁၇မှာ ကလော့ပ်က ရိုးမားက ဆာလာထက် လီဗာကူဆင်က ဂျူလီယန် ဘရန့်ကို ပိုမို ခေါ်ယူချင်ခဲ့ပါတယ်။ ဂရေဟမ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ဘရန်းဟာ အရမ်းကောင်းတဲ့ လူငယ်ကစားသမားတစ်ယောက် ဖြစ်တယ်လို့ သဘောတူခဲ့ကြပေမယ့် အီဂျစ်တောင်ပံကစားသမား ဆာလာရဲ့ အဆင့်အတန်းထိ မမီဘူးလို ယူဆခဲ့ကြပါတယ်။

Photo Credit : Goal

အဲဒီအချိန်မှာ လီဗာပူးလ်အနေနဲ့ တောင်ပံကစားသမားတစ်ယောက် လိုအပ်နေခဲ့ပြီး ဆာလာက အဲဒီအခန်းကဏ္ဍနဲ့ အံဝင်ခွင်ကျဖြစ်ခဲ့ပါတယ်။ ကလော့ပ်ကလည်း ဆာလာကို စည်းရုံးနိုင်ဖို့ ပွင့်ပွင့်လင်းလင်း ရှိတယ်လို့ ပြောခဲ့တယ်ဆိုပြီး ဂရေဟမ်က ဆိုပါတယ်။

ဂရေဟမ်က ‘How to Win the Champions League: Liverpool 2019’ မှတ်တမ်းရုပ်ရှင်မှာ အခုလိုပြောခဲ့ပါတယ်။ “အဲဒီနွေရာသီမှာ ကလော့ပ်ရဲ့ ပထမဆုံး ရွေးချယ်မှုက ဂျူလီယန် ဘရန့်ပါ။ သူက အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါပဲ။ ကလော့ပ်က ဘွန်ဒစ်လီဂါကနေ လာခဲ့တဲ့သူဆိုတော့ ဂျာမန်ကစားသမားတွေကို ကောင်းကောင်းသိတာပေါ့။ ကျွန်တော်တို့လည်း ဘရန့်က အလွန်ကောင်းတဲ့ လူငယ်ကစားသမားလို့ သဘောတူခဲ့ပါတယ်။”

Photo Credit : Goal

“ဒါပေမယ့် မိုဟာမက် ဆာလာလို ထူးချွန်မှုမျိုး မရှိခဲ့ဘူး။ ကျွန်တော်တို့ရဲ့ ဒေတာခွဲခြမ်းစိတ်ဖြာမှုအရ ဆာလာက ဥရောပမှာ အကောင်းဆုံး လူငယ် တောင်ပံကစားသမားပါ။ ရိုးမားက ငွေကြေးအခက်အခဲရှိနေတော့ သူ့ကို သင့်တင့်တဲ့ဈေးနဲ့ ရောင်းဖို အဆင်သင့်ဖြစ်နေတယ်။ ဆာလာက ကျွန်တော်တို လိုအပ်နေတဲ့ တောင်ပံနဲ့ တိုက်စစ်အခန်းကဏ္ဍကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ ဘရန့်ကတော့ ကွင်းလယ်တိုက်စစ်သမားပုံစံမျိုးပါ။ ကလော့ပ်က ဒီအကြောင်းကို ရိုးသားစွာ ဆွေးနွေးပြီး ဆာလာက ပိုကောင်းတယ်ဆိုတာ ပြပါလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာက သူ့ရဲ့ အားသာချက်ပါပဲ။” လို့ ပြောဆိုခဲ့ပါတယ်။
ဆာလာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး ခေါ်ယူမှုတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိ ဒီအီဂျစ်သားဟာ လီဗာပူးလ်အတွက် (၃၉၃)ပွဲမှာ (၂၄၃)ဂိုးသွင်းပြီး (၁၁၀)ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ သူ့ကို ခေါ်ယူခဲ့တုန်းက ပေါင်(၃၄)သန်းပဲ ကျသင့်ခဲ့ပြီး လီဗာပူးလ်အနေနဲ့ ဆာလာကိုသာမခေါ်ခဲ့ရင် သူတို့အသင်းအတွက် ဘယ်လောက်ထိ ကွဲပြားသွားနိုင်မလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါလိမ့်မယ်။

Exit mobile version