၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ် ကတော့ သူတို့ အသင်းရဲ့ မဟာပြိုင်ဘက် အသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ သူ့ရဲ့ကြားမှာ ရှိတဲ့ ဆက်ဆံရေးတွေကို ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၅၃နှစ်အရွယ် ဂျာမန်လူမျိုး နည်းပြကြီး ဂျာဂန် ကလော့ပ်ဟာ မာဆေးဆိုဒ် ဒေသခံ အသင်းဖြစ်တဲ့ လီဗာပူးအသင်းကို အကောင်းဆုံး ဦးဆောင်နေသူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ လီဗာပူးအသင်းဟာ ဥရောပ ချန်ပီယံ ဖြစ်ခဲ့သလို နှစ်ပေါင်း ၃၀ကြာအောင် ဝေးကွာနေခဲ့ရတဲ့ ပြည်တွင်း အမှတ်ပေးဖလားကိုလည်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Express

သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ကလော့ပ် ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ လီဗာပူးအသင်းနဲ့ မန်ယူအသင်းတို့ဟာ အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်ကြသလို အသင်းတွေကြားမှာ ခါးသီးတဲ့ သမိုင်းတွေ ရှိနေတာကြောင့် အသင်းနှစ်သင်းရဲ့ ကစားသမားဟောင်းတွေ ၊ နည်းပြတွေဟာ အခြားအသင်းတစ်သင်းကို ချီးကျူးမှုတွေ ပြုလုပ်လေ့ မရှိပါဘူး။ ဒါပေမယ့် ကလော့ပ်နဲ့ ဖာဂူဆန်နဲ့ ကြားမှာတော့ ထူးခြားတဲ့ ရင်းနှီးမှုတွေ ရှိနေပြီး ယခုတစ်ကြိမ်မှာလည်း ဖာဂူဆန်ဟာ သူ့အတွက် ပုပ်ရဟန်းမင်းကြီး တစ်ပါးလို ဖြစ်နေတယ်လို့ ကလော့ပ်က ဆိုသွားခဲ့ပါတယ်။

 

Photo Credit: Express

ဖာဂူဆန်အပေါ် ထားရှိတဲ့ သူ့ရဲ့ ခံစားချက် ကို ကလော့ပ်က အခုလိုပဲ ပြန်ပြောင်း ပြောပြသွားခဲ့ပါတယ်။ ကလော့ပ်က ” ဒီစကားကို ပြောရတာဟာ လီဗာပူးနည်းပြ တစ်ဦးအတွက် ၁၀၀ ရာခိုင်နှုန်း မသင့်တော်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဆာအဲလက်စ် ဖာဂူဆန်ကို လေးစားအားကျသလို ချစ်လည်း ချစ်ပါတယ်။ သူဟာ ကျွန်တော်နဲ့ ပထမဦးဆုံး တွေ့ဖူးတဲ့ ဗြိတိန်မန်နေဂျာ ဆိုတာကို ကျွန်တော် အမှတ်ရနေမိတုန်းပါပဲ။ ကျွန်တော်တို့ဟာ မနက်စာ အတူတူ စားခဲ့ကြပါတယ်။ ဒီကိစ္စကို သူ မှတ်မိနေပါဦးမလားဆိုတာ ကျွန်တော် မသိပေမယ့် ကျွန်တော်ကတော့ ရှင်းရှင်းကြီး အမှတ်ရနေမိပါတယ်။ သူနဲ့ တွေ့ရတာဟာ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့နေရသလိုပါပဲ ” လို့ ပြောပြသွားခဲ့တာပါ။