လီဗာပူးလ်အသင်းရဲ့ နည်းပြဟောင်းကြီးဖြစ်သူ ယာဂန် ကလော့ပ်ဟာ လက်ရှိမှာတော့ အလုပ်သစ်တစ်ခု ရာထူးသစ်တစ်ခုနဲ့အတူ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကလော့ပ်က ကမ္ဘာကျော် ခွန်အားဖြည့် အချိုရည် brand တစ်ခုဖြစ်တဲ့ Red Bull နဲ့ လက်တွဲပြီး Red Bull ပိုင်ဆိုင်ထားတဲ့ ကလပ်အသင်းတွေအတွက်ပါ အလုပ်တွေ လုပ်ဆောင်သွားရပါတော့မယ်။

လီဗာပူးလ်အသင်းကို (၉)နှစ်ကြာအထိ ပါဝင်ခဲ့ပြီး လီဗာပူးလ်အတွက် ဆုဖလား အောင်မြင်မှု များစွာကို အရယူဆောင်ပေးခဲ့တဲ့ နည်းပြကြီး ကလော့ပ်ဟာ ပြီးခဲ့တဲ့ ရာသီမကုန်ဆုံးခင်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် တရားဝင် အသိပေးခဲ့ရင်း ရာသီအကုန်မှာ လမ်းခွဲသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဘောလုံးပရိသတ် အများစုက ကလော့ပ်အနေနဲ့ သူ့အသင်းဟောင်း ဒေါ့မွန်နဲ့ ဂျာမနီ လက်ရွေးစင်အသင်းတို့ကို ကိုင်တွယ်လိမ့်မယ်လို့ ထင်ထားကြသလို လာမယ့်နှစ်လောက်မှပဲ နည်းပြအလုပ်ကို ပြန်လည် ဆောင်ရွှက်မယ်လို့ ယူဆထားကြပေမယ့် ကလော့ပ်ကတော့ ဒီရက်ပိုင်းအတွင်းမှာ အလုပ်သစ်တစ်ခုကို လက်ခံလိုက်ပါတယ်။

Sky Germany ရဲ့ သတင်းဖော်ပြချက်များအရ အသက် (၅၇)နှစ်အရွယ် ဂျာမနီလူမျိုး နည်းပြကြီး ကလော့ပ်အနေနဲ့ ဘွန်ဒက်စ်လီဂါကလပ် ရက်ဘူး လိုက်ပ်ဇစ် ၊ သြစတြီးယားကလပ် ရက်ဘူး ဆာလ်ဇ်ဘာ့ဂ်နဲ့ မေဂျာလိဂ်ကလပ် နယူးယော့ခ် ရက်ဘူးအသင်းတွေကို ပိုင်ဆိုင်ထားတဲ့ Red Bull မှာ Global Head of Soccer ရာထူးနဲ့ တာဝန်ယူသွားရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Anfield Index

ကလော့ပ်က ဒီရာထူးကို လာမယ့် ၂၀၂၅ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့မှာပဲ စတင် တာဝန်ယူသွားရတော့မှာဖြစ်ပြီး ဒီအသင်းတွေရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် touchline မှာ တာဝန်ယူရမှာ မဟုတ်ဘဲ လိုက်ပ်ဇစ် ဆာလ်ဇ်ဘာ့ဂ်နဲ့ နယူးယော့ခ် ရက်ဘူးတို့ကို ကိုင်တွယ်နေတဲ့ နည်းပြတွေအတွက် ဗျူဟာမြောက် အနေအထားများကို ပံ့ပိုးပေးသွားရမှာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ တာဝန်တွေကတော့ Red Bull ပိုင်ဆိုင်ထားတဲ့ အသင်း(၃)သင်းရဲ့ ကစားပုံ အတွေးအခေါ်ပိုင်းတွေ ပိုမို တိုးတက်လာစေဖို့နဲ့ အရည်အသွေးမြင့် နည်းပြတွေနဲ့ လူငယ် ကစားသမားလေးတွေကို ရှာဖွေဖို့အတွက် လုပ်ဆောင်ရနိုင်ပါတယ်။ နောက်ပြီး Red Bull နဲ့ ကလော့ပ်တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာလည်း စာချုပ်ဖျက်သိမ်းနိုင်မယ့် အချက်တွေ ပါဝင်နေပြီး အထူးသဖြင့် ဂျာမနီ နည်းပြရာထူးလို တာဝန်တွေ ရှိလာမယ်ဆိုရင် လက်တွဲဖြုတ်နိုင်ဖို့ သဘောတူညီချက်တွေပါ ထည့်သွင်းထားပါတယ်။