လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂန်ကလော့ပ်က ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို နည်းပြတစ်ဦးအဖြစ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ လီဗာပူးလ်အသင်း ဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ်ကြောင့် အက်စတွန်ဗီလာအသင်းရဲ့ ပွဲစဉ်တွေကို ပိုမိုကြည့်ရှုဖြစ်ရတော့မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ကြားမှာလည်း ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၄၁)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းကြီး ဂျရတ်ဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်ပိုင်း လီဗာပူးလ်အကယ်ဒမီအသင်းမှာ နည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့ပြီးနောက် စကော့ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ရာ ပြိုင်ဘက်ဆဲလ်တစ်အသင်းကို ကျော်ဖြတ်ပြီး စကော့အမှတ်ပေးချန်ပီယံဆုကို တစ်ရာသီအတွင်း ရှုံးပွဲတစ်ပွဲမှ မရှိပဲ အရယူဆောင်နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့တဲ့ ဂျရတ်ကို နည်းပြလက်မဲ့ ဖြစ်နေခဲ့တဲ့ အက်စတွန်ဗီလာအသင်းကနေ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ရာ ဂျရတ်မှာလည်း ပရီးမီးယားလိဂ် စစ်မျက်နှာပြင်ကို နည်းပြတစ်ဦးအဖြစ်နဲ့ ပြန်လည်ခြေချလာရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အခုလို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ နည်းပြဂျရတ် ပြန်လည်ရောက်ရှိလာနဲ့ပတ်သက်ပြီး လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က “အရိုးသားဆုံးပြောရရင် သူ့အတွက် ကျွန်တော် တကယ်ကို ပျော်မိပါတယ်။ သူက ရိန်းဂျားစ်ကို နည်းပြလုပ်ရတာကိုလည်း နှစ်သက်နေမှာပါ။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ပရီးမီးယားလိဂ်က ကလပ်အသင်းတစ်ခုခုမှာ နည်းပြဖို့ အခွင့်အရေး ရလာခဲ့ပြီဆိုရင် ကမ္ဘာပေါ်က နည်းပြတိုင်းလိုလို ဒီအခွင့်အရေးကို ရယူဖို့ စဉ်းစားကြပါလိမ့်မယ်။ အက်စတွန်ဗီလာလို ကလပ်အသင်းမျိုးမှာ ကိုင်တွယ်ခွင့် ရခဲ့တာကလည်း သူ့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်သလို အသင်းအတွက်လည်း အထူးကောင်းမွန်မှာ သေချာပါတယ်။ လာမယ့် ရက်သတ္တပတ်အတွင်းမှာ ကျွန်တော်တို့အချင်းချင်း ရင်ဆိုင်ကြရမယ်။ ကျွန်တော် သူ့ကို စာတိုတွေ ပို့ထားပြီးတော့ မက်ဆေ့ချ်တွေလည်း အပြန်အလှန် ပို့ထားကြပါတယ်။ အခုအချိန်ကနေစပြီး ကျွန်တော်လည်း အက်စတွန်ဗီလာအသင်းရဲ့ ပွဲစဉ်တွေကို အရင်ကထက် ပိုကြည့်ဖြစ်သွားရတော့မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ ဗီလာနည်းပြသစ် ဖြစ်လာခဲ့တဲ့ ဂျရတ်ကလည်း သူနဲ့ ကလော့ပ်တို့ကြားမှာ အဆက်အသွယ်ကောင်းတွေ ရှိနေကြောင်းနဲ့ ဗီလာအသင်းဆီ ပြောင်းရွှေ့ကတည်းက ကလော့ပ်နဲ့ ပုံမှန်နီးပါး ဆက်သွယ်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။