လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့က လာမယ့်ရာသီမှာ သူတိူ့အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်အောင် အကောင်းဆုံးကြိုးပမ်းလာမှာဖြစ်သလို မန်စီးတီးအသင်းကလည်း သူတို့ကို စိန်ခေါ်နိုင်ဦးမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကလည်း အကောင်းဆုံးတိုးတတ်မှုတွေနဲ့ ချန်ပီယံဆုအတွက် စိန်ခေါ်လာနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း သုံးသပ်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဂျာမန်လူမျိုး နာမည်ကျော်ဘောလုံးနည်းပြကလော့ဟာ ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့လီဗာပူးလ်အသင်းအတွက် အသင်းနဲ့ နှစ်ပေါင်း(၃၀)လောက် ဝေးကွာလို့နေတဲ့ ပြည်တွင်းအမှတ်ပေးဖလား(ပရီးမီးယားလိဂ်ဖလား)ကို ပြန်လည်ရယူနိုင်အောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပြီး လီဗာပူးလ်အသင်းဟာလည်း ပွဲစဉ်(၇)ပွဲ ကစားဖို့ကျန်နေသေးချိန်မှာ အခုလို ချန်ပီယံဖြစ်ခဲ့လို့ ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာရဲ့ အကောင်းဆုံးစံချိန်အဖြစ်ပါ တင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကလော့က လာမယ့်ရာသီမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လိမ့်မယ်လို့ သုံးသပ်လာခဲ့ပါတယ်။

Photo Credit : Yahoo! Sports

ကလော့က “လူတွေဘယ်လိုပဲ ပြောနေကြပါစေ။ ကျွန်တော်တို့အသင်းရော မန်စီးတီးအသင်းပါ လာမယ့်ရာသီအတွက် အဆင့်သင့်ဖြစ်နေအောင် ပြင်ဆင်လာကြမှာ သေချာပါတယ်။ မန်ချက်စတာယူနိုက်တက်လည်း ကျွန်တော်တို့ကို စိန်ခေါ်လာမှာပါ။ လူတွေက သူတို့မှာ ချန်ပီယံဆုအတွက် အခွင့်အရေးမရှိနိုင်ဘူးလို့ ထင်မြင်နေကြပေမယ့်လည်း သူတို့က နောက်ထပ် ကစားသမားသစ် တစ်ဦးနှစ်ဦးလောက်ကို ထပ်မံခေါ်ယူလိုက်တာနဲ့ အရမ်းကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်သွားမှာပါ။ ဒီရာသီမှာလည်း သူတို့မညံဖျင်းခဲ့ပါဘူး။ ချယ်လ်ဆီးအသင်းကလည်း ဒီလိုပါပဲ။ ဆိုတော့ လာမယ့်နှစ်တွေကတော့ ကျွန်တော်တို့နဲ့ မန်စီးတီးအသင်းတို့ပဲ ပြိုင်ဆိုင်ရမှာ မဟုတ်ပါဘူး” လို့ သုံးသပ်လိုက်ပါတယ်။ ဒီရာသီရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ မနေ့ညကတော့ ဒီရာသီမှာ သူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ အယ်တီဟတ်ကွင်းမှာ လာရောက်ကစားခဲ့ပြီး ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု အနည်းငယ်ပေါ့လျော့ခဲ့တာကြောင့် မန်စီးတီးကို (၄)ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အရေးနိမ့်ခဲ့ရပါတယ်။