ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အသင်းနဲ့ နှစ်ပေါင်း(၃၀)ကျော်လောက် ကွာဝေးလို့နေတဲ့ အင်္ဂလန်အမှတ်ပေးဖလား ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ပိုင်ဆိုင်ရယူနိုင်ဖို့ အလွန်ကို နီးစပ်လို့နေတဲ့ လီဗာပူးလ်အသင်းဟာ လာမယ့်နှစ်အတွင်းမှာတော့ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေကို များစွာလုပ်ဆောင်ဖို့ရှိနေကာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ပစ်မှတ်ထားမှုတွေ အများအပြားရှိနေသလို အသင်းကနေလည်း ကစားသမား(၆)ယောက်ခန့်လောက် ပြန်လည်ရောင်းချသွားဖို့လည်း အစီအစဉ်ရှိလို့နေပါတယာ်။

လီဗာပူးလ်အသင်းရဲ့နည်းပြဖြစ်သူ ယာဂန်ကလော့က လာမယ့်ဘောလုံးရာသီအတွင်း အသင်းရဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး သူတို့နေရာအတွက် ကစားသမားသစ် အစားထိုးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ကာ ဒီကစားသမားတွေကတော့ ဂိုးသမားကာရီးယက်စ် နောက်ခံလူတွေဖြစ်တဲ့ လိုဗရန် ကလိုင်း ကွင်းလယ်လူတွေဖြစ်တဲ့ ကီတာ ရှာကွီရီနဲ့ တိုက်စစ်ကစားသမား အော်ရီဂီတို့ပဲဖြစ်ပါတယ်။ ဒီကစားသမားတွေအားလုံးက လီဗာပူးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ နေရာမရသူတွေဖြစ်သလို ကာရီးယက်စ် ကလိုင်းတို့ဆိုရင်လည်း အခြားသောအသင်းတွေဆီမှာ အငှားနဲ့ သွားရောက်ကစားနေရသူတွေဖြစ်ပါတယ်။

ဒီလို အသင်းအတွက် အသုံးဝင်သိပ်မရှိလှတဲ့ ကစားသမားတွေကို ရှင်းထုတ်ပြီး အဲ့ဒီကနေ ပြန်လည်ရရှိလာမယ့် ပြောင်းရွှေ့ကြေးတွေကို ကစားသမားသစ်ခေါ်ယူရမှာ အသုံးစရိတ်အဖြစ် ပြန်လည်ရင်းနှီးမြှပ်နှံမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းက တိုက်စစ်ပိုင်းအတွက် လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင်တိုက်စစ်ကစားသမား တီမိုဝါနာကို ခေါ်ယူသွားဖို့ သေချာသလောက်ကို ရှိလို့နေပါတယ်။ ဒါ့အပြင် လီဗာပူးလ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ကလွဲပြီး ကျန်တဲ့ဖလားတွေကို လက်လွတ်ခဲ့ရတာကြောင့်မို့ လာမယ့်ရာသီမှာ အသင်းကို အတောင့်တင်းဆုံး အသင်းကြီးတစ်သင်းဖြစ်အောင် တည်ဆောက်လာမှာသေချာလို့ ကစားသမားခေါ်ယူမှုတွေကို အသေအချာလေးလုပ်ဆောင်လာနိုင်ပါတယ်။