ဂျာမန်လူမျိုး နာမည်ကျော် ဘောလုံးနည်းပြကြီး ယာဂန် ကလော့ပ်ကို လီဗာပူးလ်နည်းပြအဖြစ် လူသိမများခင်တုန်းက ဒေါ့မွန်အသင်းကို အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ အရည်အသွေးမြင့် နည်းပြတစ်ယောက်အဖြစ် သတိထားမိခဲ့ကြပါတယ်။

ဒေါ့မွန်လို အသင်းကို ဘိုင်ယန်မြူးနစ် ဘွန်ဒက်စ်လီဂါမှာ အပြိုင်အဆိုင် ဖြစ်နေအောင် လုပ်ဆောင်ပေးခဲ့ပြီး (၂)ရာသီဆက်တိုက်အထိ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ရယူပေးခဲ့တဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်အောင်ပါ စွမ်းဆောင်ပေးခဲ့ပါသေးတယ်။

Photo Credit : Goal

ဒီလို စွမ်းဆောင်မှုတွေကြောင့်ပဲ လီဗာပူးလ်အသင်းက ကလော့ပ်ကို ယုံယုံကြည်ကြည် အသင်းနည်းပြရာထူး ပေးအပ်ခဲ့ပြီး အခုဆိုရင်တော့ ကလော့ပ်ဟာ လီဗာပူးလ်အတွက် ရယူပေးနိုင်သမျှ ဆုဖလားအားလုံးကို ရယူပေးနိုင်ခဲ့ပြီ ဖြစ်တဲ့အပြင် အသင်းရဲ့ ဂန္တဝင်နည်းပြတစ်ဦးပါ ဖြစ်သွားခဲ့ရပါတယ်။

အခုတော့ ကလော့ပ်ဟာ လီဗာပူးလ်ကနေလည်း ဒီရာသီအကုန်မှာပဲ ထွက်ခွာသွားတော့မှာဖြစ်ပြီး သူရဲ့ ထုတ်ပြန်ချက်မှာဆိုရင်လည်း သူ့အနေနဲ့ လီဗာပူးလ်နည်းပြအဖြစ် စွန့်ခွာပြီးချိန် ဘောလုံးလောကထဲကပါ နှစ်အနည်းငယ်လောက်အထိ အနားယူနိုင်တယ်လို့ ထည့်သွင်း ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Liverpool Echo

တကယ်တော့ ကလော့ပ်လို နည်းပြတစ်ယောက်ကို ဘယ်ကလပ်အသင်းမဆို နည်းပြသစ်အဖြစ် ခန့်အပ်ချင်ကြမှာ ဖြစ်ပေမယ့်လည်း ကလော့ပ်ကိုယ်တိုင်ကတော့ လီဗာပူးလ်နဲ့ လမ်းခွဲပြီးမှာ အနည်းဆုံး တစ်နှစ်လောက်အထိ နည်းပြအလုပ်ကနေ အနားယူသွားနိုင်ပါတယ်။

The Independent ရဲ့ ဖော်ပြချက်မှာတော့ ၂၀၂၅ကျမှ နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ဖွယ် ရှိနိုင်တဲ့ ကလော့ပ်ဟာ သူ့အသင်းဟောင်း ဒေါ့မွန်ကို ပြန်ကိုင်တွယ်ဖို့ အခြေအနေတွေ ရှိလာနိုင်ပြီး အဲ့ဒီအတွက်လည်း ဒေါ့မွန်နဲ့ ကလော့ပ်တို့ကြားမှာပါ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်။