လီဗာပူးလ်နည်းပြဟောင်းကြီး ဂျာဂင် ကလော့ပ်ဟာ ရီးရဲလ် မက်ဒရစ်အသင်းကို နည်းပြအဖြစ် တာဝန်ယူဖို့ အဆင်သင့် ဖြစ်နေပြီး လက်ရှိ ရီးယဲလ်နည်းပြကြီ ကားလို့ အန်ဆယ်လော့တီက ဧပြီလကုန်မှာပဲ အသင်းကနေ ထွက်ခွာရဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကလော့ပ်ဟာ လီဗာပူးလ်ကို (၉)နှစ်တာအထိ ကာလရှည်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီကုန်မှာပဲ လီဗာပူးလ်နဲ့ လမ်းခွဲခဲ့ပြီး ၉ နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် ထွက်ခွာခဲ့ပြီး Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာထူးမှာ (၁)နှစ်မပြည့်သေးခင်မှာပဲ ကလော့ပ်က မပျော်မရွှင်ဖြစ်နေပြီး စပိန်သတင်းဌာန UOL Esporte ရဲ့ ဖော်ပြချက်အရ ရီးရဲလ်အသင်းနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားပြီး ဇူလိုင်လမှာ နည်းပြအလုပ်ကို စတင် လုပ်ကိုင်သွားဖို့ အသင့်ရှိနေပါတယ်။
Photo Credit : Liverpool News
ဒီအချိန်မှာ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဒုတိယအကြိမ် လမ်းခွဲရဖို့လည်း ရှိနေပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ အီတလီလူမျိုး နည်းပြကြီးဟာ ဧပြီလ (၂၆)ရက်နေ့မှာ ဘာစီလိုနာအသင်းနဲ့ ကိုပါ ဒယ်ရေး ဖိုင်နယ်ပွဲစဉ် အပြီးမှာပဲ ရီးရဲလ်ကနေ ထွက်ခွာသွားရနိုင်ပါတယ်။ ရီးယဲလ်ဟာ မနေ့ညကလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့မှာ အာဆင်နယ်ကို အိမ်ကွင်းမှာ (1-2) နဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (1-5) နဲ့ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။
ပွဲအပြီး အန်ဆယ်လော့တီက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။ “ကလပ်က ကျွန်တော့်ကို အစားထိုးဖို့ ဆုံးဖြတ်လာနိုင်ပါတယ်။ ဒါက ဒီနှစ် ဖြစ်နိုင်သလို ကျွန်တော့်စာချုပ်ကုန်မယ့် နောက်နှစ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကလပ်မှာ ကျွန်တော် ပြီးဆုံးတဲ့အခါ ဒီကလပ်ကို ကျေးဇူးတင်နေမှာပါ။ ဒါက မနက်ဖြန် ဖြစ်နိုင်သလို (၁၀)ရက် (၁)လ ဒါမှမဟုတ် (၁)နှစ်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်စာချုပ်ကုန်တာပဲဖြစ်ဖြစ် မကုန်တာပဲဖြစ်ဖြစ် ကျွန်တော် တကယ် ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့ အဆင်ပြေတဲ့အချိန်တွေမှာ ဖလားတွေ အများကြီးရခဲ့ပြီး၊အခုလို မဆင်မပြေတဲ့ အချိန်တွေကိုလည်း ရင်ဆိုင်ရမှာပါ။ ဒါကို လက်ခံရမှာပါ။ ဘာလို့ဆို နှစ်ကျော့စလုံးမှာ အာဆင်နယ်က ကျွန်တော်တို့ထက် ပိုကောင်းခဲ့လို့ပါ။”
Photo Credit : IceCric News
အန်ဆယ်လော့တီဟာ ၂၀၂၁ နွေရာသီမှာ ရီးရဲလ်ကို ပြန်လည် ရောက်ရှိခဲ့ပြီး ဒုတိယအကြိမ် တာဝန်ယူမှုမှာ ဖလား (၁၁)လုံးထိ ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ လာလီဂါ (၂)ကြိမ် ချန်ပီယံလိဂ် (၂)ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား(၁)ကြိမ်လည်း ပါဝင်ပါတယ်။ အခုတော့ အန်ဆယ်လော့တီက မက်ဒရစ်ကနေ နောက်တစ်ကြိမ် ထွက်ခွာရဖို့ အခြေအနေ များနေပြီး သူ့နေရာမှာ ကလော့ပ်ကို ခန့်အပ်ဖို့ အလားအလာက ဘာနေဗျူးမှာ တာဝန်ရှိသူတွေကို စိတ်လှုပ်ရှားစေပါတယ်။
ရီးယဲလ်အသင်းရဲ့ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ဆွဲဆောင်မှုရှိတဲ့ နည်းပြကြီး ကလော့ပ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်သွားနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ ရီးယဲလ်ဟာ ဂျာမန်လူမျိုး ဘောလုံးနည်းပြ ကလော့ပ်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း နည်းပြလောင်းအဖြစ် စဉ်းစားခဲ့ဖူးပေမယ့် အဲဒီအချိန်တုန်းက ပီရက်ဇ်က ကလော့ပ်ထက် တခြားနည်းပြတွေကိုသာ ဦးစားပေး ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။