ချယ်လ်ဆီးအသင်းရဲ့ ဘောလုံးသမိုင်းကြောင်းတစ်လျှောက်မှာ ဘယ်ဂျာမန်လူမျိုးနည်းပြကမှ အသင်းကို မကိုင်တွယ်ခဲ့ဖူးပါဘူး။ ဒါပေမယ့် နည်းပြလမ်းပတ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက်မှာတော့ သူ့နေရာမှာ ပြန်လည်အစားထိုးဖို့ နည်းပြတစ်ဦးကို ရှာဖွေရာမှာ ပီအက်စ်ဂျီအသင်းနဲ့ ပူပူနွေးနွေး လမ်းခွဲထားရတဲ့ နည်းပြသောမတ်စ်တူဟယ်လ်က အသင်းလက်မဲ့ဖြစ်နေတာကြောင့် တူဟယ်လ်ကို အသင်းဆီ ခေါ်ဆောင်ခဲ့ရင်းနဲ့ အသင်းရဲ့ ပထမဆုံးသော ဂျာမန်လူမျိုးနည်းပြတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့နွေမှာ ဂျာမန်ကြယ်ပွင့်(၂)ဦးဖြစ်တဲ့ တီမိုဗာနာနဲ့ ကိုင်းလ်ဟားဗက်ဇ်တို့ကို မြောက်များလှစွာသော ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူအားဖြည့်ခဲ့ပေမယ့် ထင်ထားသလောက် အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းမရှိပဲ ရုန်းကန်ခဲ့ရသလို အသင်းက ရှိရင်းစွဲကစားသမားတွေနဲ့ ကစားသမားသစ်တွေကြားမှာ အကောင်းဆုံး အထိုင်ကျဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့် အသင်းကို တူဟယ်လ်ရောက်ရှိလာချိန်မှာ အဓိက အသင်းရဲ့ခံစစ်ပိုင်း ကျစ်လစ်လာခဲ့ရသလို အသင်းကလည်း ပြိုင်ပွဲစုံမှာ ရလဒ်တွေ ကောင်းမွန်လာခဲ့ပြီး ဆုဖလားအိမ်မက်တွေပါ ပြန်လည်အသက်ဝင်လာခဲ့ပါတော့တယ်။

Photo Credit : Daily Mail

အထူးသဖြင့်တော့ ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီကစားသမားတွေ စွမ်းဆောင်ရည်က ထက်မြက်လာခဲ့ရပြီး ဂျာမနီနောက်ခံလူ ရူဒီဂါမှာလည်း ခံစစ်ပိုင်း စွမ်းရည်တွေ ကောင်းမွန်လာခဲ့ရပါတယ်။ အသင်းရဲ့ ကစားသမားသစ်တွေဖြစ်တဲ့ ဗာနာနဲ့ ဟားဗက်ဇ်တို့ရဲ့ ခြေစွမ်းတွေက ရုတ်တရက်ကြီး အထူးကောင်းမွန်လာတာမျိုး မဟုတ်ပေမယ့်လည်း လမ်းပတ်လက်အောက်မှာ ကစားခဲ့ရစဉ်တုန်းကထက် ခြေစွမ်းကောင်းလာခဲ့ရသလို ဗာနာမှာလည်း ဂိုးသွင်းစွမ်းရည်ပိုင်း ကျဆင်းခဲ့ရပေမယ့် အသင်းလိုက် ပူးပေါင်းကစားမှုမှာတော့ ယခင်ကထက် ပိုကောင်းလာခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ တူဟယ်လ်ရဲ့ ချယ်လ်ဆီးအသင်းဟာ ဘယ်သူမှ မထင်ထားလောက်တဲ့ အောင်မြင်မှုကြီးတစ်ခုအဖြစ် ချန်ပီယံလိဂ်ဖလားကြီးကိုပါ အရယူသွားနိုင်ခဲ့ပါတယ်။ တူဟယ်လ်လိုပဲ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဂျာမန်လူမျိုး နည်းပြတွေဖြစ်တဲ့ ဟန်ဆီဖလစ်နဲ့ ယာဂင်ကလော့ပ်တို့က ချန်ပီယံလိဂ်ဖလားတွေကို ဆက်တိုက်ယူဆောင်နိုင်ခဲ့ပါသေးတယ်။ သေချာတာကတော့ ဂျာမန်လူမျိုးနည်းပြတွေဟာ သူတို့ကိုင်တွယ်ရတဲ့ ကလပ်အသင်းတွေကို အကောင်းဆုံး ရလဒ်တွေ ရရှိလာအောင် လုပ်ဆောင်ပေးနိုင်တာပါပဲ။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုလို့တောင် ပြောရခက်စေပါတယ်။ ဂျာမန်နည်းပြရဲ့ ကိုင်တွယ်မှု ဂျာမန်ကစားသမားရဲ့သွင်းဂိုးတွေနဲ့ ချန်ပီယံလိဂ်ဆုဖလားကို ချယ်လ်ဆီးတို့ ဗိုလ်စွဲခဲ့ရသလို လာမယ့်ဘောလုံးရာသီတွေမှာလည်း ဂျာမန်လူမျိုးတွေရဲ့ လွှမ်းမိုးမှုများကို ဆက်လက်မြင်တွေ့နေရဦးမှာ သေချာနေပါတယ်။