MySport Myanmar

ဆာလာနေရာမှာ အန်တိုနီနဲ့ အစားထိုးဖို့ စီစဉ်ခဲ့ဖူးသေးတဲ့ ယာဂန် ကလော့ပ်

လီဗာပူးလ်အသင်းရဲ့ နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်ဟာ လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်တုန်းက အသင်းက အဓိက တိုက်စစ်ကစားသမား မိုဟာမက် ဆာလာကို စာချုပ်သက်တမ်းတိုးဖို့ ခက်ခဲနေရချိန် ဆာလာနေရာမှာဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီနဲ့ အစားထိုးဖို့အတွက် စီစဉ်ခဲ့သေးတယ်လို့ သိရှိရပါတယ်။

၂၀၂၂ခုနှစ် နှစ်အစောပိုင်းကာလမှာ လီဗာပူးလ်က အီဂျစ် တောင်ပံကစားသမား ဆာလာကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက် အဆင်မပြေမှုတွေ ရှိလာရချိန် တကယ်လို့ စာချုပ်သစ်ကိစ္စသာ ညှိနှိုင်းမရခဲ့ဘူးဆိုရင် ဆာလာနေရာမှာ အစားထိုးဖို့အတွက် တောင်ပံကစားသမား တချို့ကို ချိန်ရွယ်လာခဲ့ပါတယ်

Photo Credit : Football365

လီဗာပူးလ်အသင်း ပစ်မှတ်ထားခဲ့တဲ့ တောင်ပံကစားသမားတွေထဲမှာ အန်တိုနီလည်း ပါဝင်လို့နေပြီး အဲ့ဒီအချိန်တုန်းကတော့ အန်တိုနီဟာ အေဂျက်စ်အသင်းမှာသာ ရှိနေသေးတာ ဖြစ်ပါတယ်။ The Times သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ နည်းပြကြီး ကလော့ပ်ဟာ အန်တိုနီကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပါ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါပေမယ့် အပြောင်းအရွှေ့ကတော့ ဖြစ်ပေါ်လာခဲ့ခြင်း မရှိဘဲ ဆာလာက လီဗာပူးလ်နဲ့ (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားခဲ့သလို အန်တိုနီကလည်း သူ့ဆရာ အဲရစ် တန်ဟက်ဂ်ရဲ့ အသင်းသစ် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပေါင် (၈၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Goal

လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့ ဆာလာက လီဗာပူးလ်မှာ သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဆက်လက် ပြသနိုင်ခဲ့ပေမယ့် အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ရောက်လာတဲ့ အန်တိုနီကတော့ အေဂျက်စ်မှာတုန်းကလို ခြေစွမ်းမျိုးတွေ မပြသနိုင်တဲ့အပြင် သာမန် စွမ်းဆောင်ရည်တောင် မပြနိုင်လို့ အသင်းရဲ့ တတိယ ဦးစားပေး ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။

ဒီလို အခြေအနေတွေကြောင့်ပဲ အန်တိုနီအနေနဲ့ လာမယ့် ဈေးကွက်တွေအတွင်းမှာ အသင်းကနေ ရောင်းချခံရဖို့ ရှိနေသလို နည်းပြသစ် ရူဘင် အမော်ရင်လက်ထက် ခြေစွမ်းပိုင်း တိုးတက်မလာရင် သေချာပေါက် ရောင်းချခံရနိုင်ပါတယ်။ ဒါ့အပြင် ဆာလာဟာလည်း ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားရပါတော့မယ်။

Exit mobile version