မနေ့ညက အိမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ကာရာဘောင်း လိဂ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဧည့်သည်လီဗာပူးလ်က ဒီယိုဂိုဂျိုတာရဲ့ သွင်းဂိုးတွေနဲ့ (၂)ဂိုးပြတ် အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်း (၂)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်မျိုးနဲ့ ၂၀၁၆ခုနှစ်နောက်ပိုင်း လိဂ်ဖလားဖိုင်နယ်ဆီ နောက်တစ်ကြိမ် ပြန်လည်တတ်လှမ်းနိုင်ခဲ့ပါတယ်။
Photo Credit : The Mirror
ဒီပွဲစဉ်အတွင်းမှာ အိမ်ရှင်အာဆင်နယ်အသင်းဘက်က ပြိုင်ဘက်လီဗာပူးလ်ကို ယှဉ်ကစားဖို့ ခက်ခဲနေခဲ့ရပြီး အာဆင်နယ်ဘက်မှာလည်း လူငယ်တိုက်စစ်မှူးလေး ဂါဘရီရယ်မာတင်နယ်လီ တစ်ဦးတည်းလောက်သာ စွမ်းဆောင်မှု ကောင်းမွန်ခဲ့ကာ အသင်းအတွက် ဂိုးရနိုင်လောက်တဲ့ တိုက်စစ်ဆင်မှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းရည်မျိုး ပြသနိုင်ခဲ့တဲ့ မာတင်နယ်လီကို လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က “စကားမစပ် မာတင်နယ်လီ…လူတိုင်း ဒီနာမည်ကို မှတ်ထားသင့်တယ်။ တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ဦးပါ” လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။
Photo Credit : talkSPORT
ကလော့ပ်ဟာ ပွဲအပြီး အင်တာဗျူး ပြုလုပ်နေစဉ်အတွင်းမှာ မာတင်နယ်လီအကြောင်းကို မေးမြန်းမခံရပေမယ့်လည်း ဒီကစားသမားရဲ့ စွမ်းဆောင်ရည်အကြောင်းကို ရုတ်တရတ် ချီးမွမ်းပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ဒီလို မာတင်နယ်လီကို ချီးမွမ်းပြောဆိုမှုဟာ ကလော့ပ်အတွက် ပထမဆုံးအကြိမ် မဟုတ်ပဲ ၂၀၂ဝခုနှစ်တုန်းကလည်း မာတင်နယ်လီကို “ရာစုနှစ်ရဲ့ အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦး၊ မယုံနိုင်စရာကောင်းလှတဲ့ တိုက်စစ်မှူးတစ်ဦး” လို့ပါ တင်စားပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ လက်ရှိမှာ အသက်(၂၀)အရွှယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး မာတင်နယ်လီဟာ အာဆင်နယ်ကို ၂၀၁၉ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် (၆၇)ပွဲ ပါဝင်ထားခဲ့ကာ (၁၆)ဂိုး သွင်းယူထားခဲ့ပါတယ်။ မာတင်နယ်လီဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွင်း နေရာရရှိနေပြီး ပရီးမီးယားလိဂ် (၁၃)ပွဲ ပါဝင်ကစားထားခဲ့ရာ (၄)ဂိုးသွင်းယူပြီး (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပြည့်ဝနေတဲ့ မာတင်နယ်လီကို ချီးမွမ်းမှုတွေ ပြုလုပ်သွားခဲ့တဲ့ ကလော့ပ်ဟာ အာဆင်နယ်ဘက်ကို သွင်းဂိုး(၂)ဂိုး သွင်းယူခဲ့တဲ့ သူရဲ့အသင်းသား ဂျိုတာဟာလည်း ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးလို့ပါ အမွှမ်းတင်သွားခဲ့ပါတယ်။