လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ဟာ လီဗာပူးလ်ကို ကိုင်တွယ်နေစဉ်အတွင်းမှာ အသင်းအတွက် အကျိုးရှိစေနိုင်တဲ့ ကစားသမားခေါ်ယူမှုများစွာကို လုပ်ဆောင်ခဲ့ပြီး ဒီခေါ်ယူမှုတွေထဲမှာ မိုနာကိုအသင်းကနေ ခေါ်ယူခဲ့တဲ့ ဖာဘင်ဟိုရဲ့ အပြောင်းအရွှေ့လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်ခံစစ် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဖာဘင်ဟိုဟာ လီဗာပူးလ်အတွက် ကွင်းလယ်ပိုင်းမှာသာမကပဲ လိုအပ်ရင်လည်း ဗဟိုခံစစ်အထိကို ဝင်ရောက်ကစားနိုင်ခဲ့ကာ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ် ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာဘင်ဟိုဟာ ၂၀၁၈ခုနှစ်ကမှ မိုနာကိုအသင်းကနေ လီဗာပူးလ်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပွဲတိုင်းနီးပါး ပါဝင်ကစားခဲ့ရသလို လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေကို သိမ်းပိုက်ရယူခဲ့ခြင်းမှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဖာဘင်ဟိုကို ပြောင်းရွှေ့ကြေး ပေါင်(၃၉)သန်းနဲ့ ခေါ်ယူဖြစ်ခဲ့ပြီး ဒီအပြောင်းအရွှေ့ အထမြောက်လာဖို့အတွက် အသင်းရဲ့ ကစားသမား(၂)ယောက်ကနေ အကူအညီပေးခဲ့တယ်လို့ ယာဂင်ကလော့က ပြန်လည်ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit :  Rousing the Kop

ဖာဘင်ဟိုကို အသင်းဆီ အရောက်ခေါ်ယူနိုင်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ယာဂင်ကလော့က “ကျွန်တော်ကတော့ ဘော်ဘီ(ဖာမီနို)ရဲ့ အကောင်းဆုံးအကူအညီကို ရရှိခဲ့တာလို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်က လက်ရွေးစင်အသင်းမှာဆိုရင် အရမ်းကို ရင်းနှီးကြသူတွေ ဖြစ်နေလို့ပါ။ ဒါ့အပြင် ဖေးလ်(ကော်တင်ဟို)ကလည်း ဖာဘင်ဟိုကို လီဗာပူးလ်အသင်းအကြောင်း ပြောပြလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လီဗာပူးလ်ကို ချစ်မြတ်နိုးခဲ့တာဖြစ်သလို အခုထိလည်း ချစ်နေဦးမယ့်သူပါ။ ဒီလို အကူအညီတွေနဲ့ ဖာဘင်ဟို ကျွန်တော်တို့အသင်းဆီ ရောက်ရှိလာခဲ့ရတယ်လို့ သတ်မှတ်နိုင်ပါတယ်” လို့ Liverpool Echo ဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအတွင်း ဒဏ်ရာပြသာနာတွေရဲ့ နှိပ်စက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လက်ရှိမှာလည်း အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက် ဂျိုးဂိုးမက်ဇ် ဒီယိုဂိုဂျိုတာတို့ ဒဏ်ရာတွေ ရရှိလို့နေပြီး လအတန်ကြာလောက်ထိကို အနားယူကြရမှာဖြစ်ပေမယ့်လည်း အသင်းဘက်ကနေတော့ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေ အားဖြည့်ခေါ်ယူသွားမှာမဟုတ်ကြောင်း အသင်းရဲ့နည်းပြအဖွဲ့ဝင်တစ်ဦးကနေ ထုတ်ဖော်ပြောဆိုထားခဲ့ကာ လက်ရှိလူစာရင်းနဲ့ပဲ လက်ကျန်ပွဲစဉ်တွေကို အကောင်းဆုံးဖြတ်သန်းသွားဖွယ် ရှိနေပါတယ်။