လီဗာပူးလ်အသင်းရဲ့ နည်းပြ ကလော့ပ်ဟာ လွန်ခဲ့တဲ့ (၂) နှစ်အတွင်း ပရီးမီးယားလိဂ် ဆုဖလား နဲ့ ချန်ပီယံလိဂ် ဆုဖလား ရရှိနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း လာမယ့် (၂၀၂၄) ခုနှစ်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ် ကုန်ဆုံးသွားပြီ ဆိုရင် နည်းပြအဖြစ်က အနားယူနိုင်တယ်လို့ ပြောခဲ့ပါတယ်။ နည်းပြ ကလော့ပ်ဟာ လက်ရှိရာသီမှာ လီဗာပူးလ် အသင်းရဲ့ သမိုင်းမှာ တစ်ကြိမ်မှ မရဖူးသေးတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရယူပေးခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်က ဒီဇင်ဘာလမှာ လီဗာပူးလ်အသင်းနဲ့ လာမယ့် (၂၀၂၄) ခုနှစ်အထိ စာချုပ်သစ် ထပ်တိုးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်မှာ လီဗာပူးလ်အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံရတာ ဖြစ်ပြီး လီဗာပူးလ်အသင်းကို နည်းပြပြီး (၅) နှစ်အကြာမှာတော့ လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် ဆုဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ နှစ် (၃၀) အတွင်း မရနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိခဲ့တာ ဖြစ်ပြီး နည်းပြ ကလော့ပ်ကတော့ လီဗာပူးလ်အသင်းနဲ့ လက်ရှိ စာချုပ် ကုန်ဆုံးသွားတဲ့ အချိန်မှာ ဘောလုံး နည်းပြအဖြစ်က အနားယူနိုင်တယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်ဟာ လီဗာပူးလ်အသင်းနဲ့ လက်ရှိ စာချုပ်က လာမယ့် (၂၀၂၄) ခုနှစ်မှာ ကုန်ဆုံးသွားပြီ ဆိုရင် ဘယ်လို စီမံကိန်း ရှိသလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “ကျွန်တော် တစ်နှစ် နားပါမယ်။ တစ်နှစ်နားပြီးတော့ ကိုယ့်ဟာကိုယ် ဘောလုံးကို သတိရ၊ မရ မေးပါမယ်။ တကယ်လို့ ကျွန်တော် ဘောလုံးကို သတိမရဘူး ဆိုရင် ဒါက နည်းပြ ကလော့ပ်ရဲ့ အဆုံးသတ် ဖြစ်ပါလိမ့်မယ်။ ကျွန်တော် တစ်နေ့ ဘောလုံး နည်းပြ မဖြစ်တော့တဲ့ အချိန်မှာ ကျွန်တော် သတိမရချင်တဲ့ အရာက ပွဲစဉ် မစခင်က ပြင်းထန်တဲ့ တင်းမာမှုပါ” လို့ ပြောခဲ့ပါတယ်။ နည်းပြ ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို (၅) နှစ်ကြာ နည်းပြစဉ်အတွင်း လီဗာပူးလ်အသင်းအတွက် ဖီဖာကလပ် ကမ္ဘာ့ ဖလား၊ ယူအီအက်ဖ်အေ စူပါ ဖလား၊ ပရီးမီးယားလိဂ် ဖလား နဲ့ ချန်ပီယံလိဂ် ဖလား ရရှိခဲ့ပြီး လီဗာပူးလ်အသင်းကို ဥရောပ ပြိုင်ပွဲမှာ ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ အသင်း အဖြစ် ပုံသွင်းပေးနိုင်ခဲ့ပါတယ်။