ဒီနေ့ည မြန်မာစံတော်ချိန် မနက်(၂)နာရီခွဲအချိန် ကင်းပါဝါဘောလုံးကွင်းမှာ အိမ်ရှင်လက်စတာအသင်းနဲ့ ဧည့်သည်လီဗာပူးလ်အသင်းတို့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀)အဖြစ်နဲ့ ထိပ်တိုက်တွေ့ဆုံရမှာဖြစ်ပြီး လတ်တလောမှာ လက်စတာအသင်းက အသင်းအတွင်း ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ(၅)ပွဲမှာလည်း နိုင်ပွဲက (၁)ပွဲသာ ရှိထားရကာ ကျန်တဲ့ပွဲတွေအားလုံး အရေးနိမ့်ထားခဲ့ရပါတယ်။

Photo Credit : The Mirror

လက်စတာနဲ့ လီဗာပူးလ်အသင်းတို့ဟာ မကြာသေးခင် ရက်ပိုင်းက အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်သွားခဲ့ရတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲမှာလည်း ထိပ်တိုက်တွေ့ဆုံထားရပြီး အပြိုင်အဆိုင် သွင်းဂိုးတွေ သွင်းယူရင်း မိနစ်(၉၀)အတွင်း တစ်ဖက်(၃)ဂိုးစီ သရေကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခဲ့ယူခဲ့ရာ လီဗာပူးလ်က ပင်နယ်တီမှာ အနိုင်ရသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အဲ့ဒီအချိန်တုန်းက အသင်းအတွင်း ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတဲ့ ကစားသမားတွေများစွာ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ အားလုံးနီးပါး ကိုဗစ် ကူးစက်မှုကနေ သက်သာနေပြီ ဖြစ်သလို လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Sportskeeda

ဒါပေမယ့် အိမ်ရှင်လက်စတာဘက်မှာတော့ ဘာထရန် ဒါကာ အီဗန်စ် ဖိုဖာနာ ဂျက်စတင် ဆိုယွန်ဂျူ ပါရဲယား ဟာဗေးဘန်းစ်တို့လို ကစားသမားတွေ အစုံအပြုံ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့ ရလဒ်ပိုင်းတွေကလည်း ဆိုးရွှားလွန်းနေပါတယ်။ ပြိုင်ဘက်လက်စတာအသင်းနဲ့ ပတ်သက်ပြီး လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က “လက်စတာက အခြေအနေ မကောင်းပါဘူး။ သူတို့မှာ ဒဏ်ရာပြသာနာတွေ ရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်မှာ (၄)ဂိုးပြတ်နဲ့ အရေးနိမ့်နေရာကနေ (၃)ဂိုးအထိကိုပါ ပြန်လည်သွင်းယူနိုင်တယ်။ ရလဒ်တစ်ခုကို အပြောင်းအလဲ လုပ်ဆောင်နိုင်ဖို့ အရမ်းကို နီးကပ်သွားခဲ့ရသွားတယ်။ သူတို့အသင်းဟာ တကယ့်ကို အသင်းကောင်းတစ်သင်း ဖြစ်ပြီးတော့ ရော်ဂျာစ်ကလည်း ထူးခြားတဲ့ လုပ်ဆောင်မှုတွေကို ပြသထားပါတယ်” လို့ ပြောဆိုသွားခဲ့သလို သူရဲ့လီဗာပူးလ်အသင်းနဲ့ ပတ်သက်ပြီးတော့လည်း ကလော့ပ်က “ကိုဗစ်ကြောင့် သီးသန့်နေထိုင်နေရတဲ့ ဖာဘင်ဟို ဗန်ဒိုက် ကာတစ်ဂျုံးစ်နဲ့ သီယာဂိုတို့အားလုံး ပြန်လာနိုင်ခဲ့ပါပြီ။ သီယာဂိုဆိုရင် အသင်းနဲ့ လေ့ကျင့်ခန်းပါ ပြန်ဆင်းနေပါပြီ။ လက်ရှိမှာတော့ လူငယ်ကစားသမားလေးတစ်ဦးနဲ့ အသင်းရဲ့ဝန်ထမ်းနှစ်ဦးတို့ပဲ သီးသန့်နေထိုင်ရတာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။