လတ်တလောမှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်လို့နေတဲ့ လီဗာပူးလ် တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုသာ အာရုံစိုက်နေမှာဖြစ်ပြီး ကောလဟာလတွေကို အာရုံထားနေမှာ မဟုတ်ဘူးလို့ နည်းပြယာဂင်ကလော့ပ်က ပြောဆိုခဲ့ပေမယ့် ဒီပွဲက မာနေးရဲ့ လီဗာပူးလ် ကစားသမားဘဝ နောက်ဆုံးပွဲ ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။

အသက်(၃၀)အရွယ် ဆီနီဂေါလက်ရွေးစင် တိုက်စစ်ကစားသမား မာနေးဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၃ခုနှစ်မှာ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ သက်တမ်းတိုးဖို့ လုပ်ဆောင်နေရဆဲသာ ရှိနေသလို ဘိုင်ယန်ဘက်ကလည်း မာနေးကို အရခေါ်ယူသွားချင်နေပါတယ်။ လတ်တလောမှာ ဘိုင်ယန်နဲ့ မာနေးတို့ရဲ့ သတင်းတွေက အတော်လေးကို ထွက်ပေါ်နေခဲ့ရပြီး ဘိုင်ယန်ဘက်က မာနေးကို အရခေါ်ယူနိုင်ဖို့ အသေအချာ ဆောင်ရွှက်နေသလို (၃)နှစ်စာချုပ်ပါ ချုပ်ဆိုသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလိုသတင်းတွေ ထွက်ပေါ်နေပေမယ့် မာနေးက ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုသာ အာရုံစိုက်နေလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

မာနေးရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နည်းပြကလော့ပ်က “ဆာဒီယိုက သူ့ကစားသမားဘဝအတွင်း အကောင်းဆုံးပုံစံကို ရရှိနေပြီး သူကစားတာကို ကြည့်နေရတာက အရမ်းကို နှစ်သက်ဖို့ကောင်းပါတယ်။ သူ့မှာ မယုံနိုင်စရာကောင်းတဲ့ ရှည်လျားသော ဘောလုံးရာသီ ဖိုင်နယ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး ဒီရာသီက သူ့အတွက် အအောင်မြင်ဆုံး ဘောလုံးရာသီတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဆာဒီယိုက နောက်ရာသီမှာ အသင်းက ထွက်ခွာသွားနိုင်မလားဆိုတဲ့ မေးခွန်းက ဒီအချိန်မှာ ပြောဆိုရမယ့် အကြောင်းအရာ မဟုတ်ပါဘူး။ ဆာဒီယိုက နောက်ရာသီ ဘယ်နေရာမှာပဲ ကစားရကစားရ သူက တကယ့်ကိုကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်နေမှာ အသေအချာပါပဲ။ ဘိုင်ယန်မြူးနစ်နဲ့ ထွက်ပေါ်နေတဲ့ ကောလဟာလသတင်းတွေကိုတော့ ကျွန်​တော် ဂရုမစိုက်နိုင်ပါဘူး။ ဆာဒီယိုလည်း ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကိုပဲ အာရုံစိုက်နေမှာပါ” ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မာနေးဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ လီဗာပူးလ်အသင်းနဲ့ အက်အေဖလား လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သလို ဆီနီဂေါနဲ့လည်း အာဖရိကနိုင်ငံများဖလားကို ရယူထားနိုင်ခဲ့လို့ အခု ချန်ပီယံလိဂ်ဖလားကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင် Ballon d’Or ဆုကိုပါ မျှော်မှန်းနိုင်မယ့် အခြေအနေထိ ရောက်ရှိလာမှာ ဖြစ်ပါတယ်။