ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက် စတင်မဖွင့်လှစ်ခင်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ အဆက်မပြတ်ကို ထွက်ပေါ်ခဲ့ရတဲ့ အာဂျင်တီးနား ကြယ်ပွင့်ကစားသမားလေးဖြစ်တဲ့ တိုက်စစ်မှူုး ဂျူလီယန်အဲဗာရက်ဇ်ဟာ လက်ရှိအချိန်မှာတော့ ယူနိုက််တက်ရဲ့ မြို့ခံအသင်းဖြစ်တဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကစားဖို့ လုံးဝနီးပါးကို သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့ကို တရားဝင် ထုတ်ပြန်လာဖွယ် ရှိနေပါတယ်။
Photo Credit : Daily Mail
အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဆာဂျီယိုအဂွဲရိုး ထွက်ခွာပြီးနောက်ပိုင်းကတည်းက တိုက်စစ်မှူးစစ်စစ်ကို ပြန်လည်ခေါ်ယူထားခြင်း မရှိသေးတဲ့ မန်စီးတီးအသင်းဟာ အခုတော့ တကယ့်ကို အရည်အသွေးကောင်းတွေ ပြည့်ဝပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်တိုက်စစ်မှူးလေး အဲဗာရက်ဇ်ကို ခေါ်ယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့သတင်းဆိုင်ရာ ဂုရုကြီးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ အဲဗာရက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မန်စီးတီးနဲ့ အဲဗာရက်ဇ်ရဲ့ လက်ရှိကလပ် ရေးဗားပလိတ်အသင်းတို့ကြားမှာ ပြောင်းရွှေ့ကြေး ယူရို(၁၈.၅)သန်းနဲ့ သဘောတတူညီမှု ရယူနိုင်ခဲ့တာလို့ သိရှိရပါတယ်။
Photo Credit : Blaze Trends
အသက်(၂၁)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမားလေး အဲဗာရက်ဇ်ဟာ ရေးဗားပလိတ် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး တိုက်စစ်မှူးအဖြစ်ရော တောင်ပံကစားသမားအဖြစ်ပါ ကျွမ်းကျင်စွာ ကစားတတ်တဲ့ သူ့ကို ယူနိုက်တက်အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အဲဗာရက်ဇ်နဲ့ သတင်းသိပ်မထွက်ခဲ့တဲ့ မန်စီးတီးအသင်းက အဲဗာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ အလျင်အမြန် ကြိုးပမ်းလာခဲ့ရာ အပြောင်းအရွှေ့ အထမြောက်သွားခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အဲဗာရက်ဇ်ကို (၅)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ရေးဗားပလိတ်အသင်းဆီကိုတော့ လာမယ့် ဇူလိုင်လအထိ အငှားချပေးသွားမယ်လို့လည်း သိရှိရပါတယ်။ အဲဗာရက်ဇ်ဟာ ရေးဗားပလိတ်အသင်းအတွက် စုစုပေါင်း (၉၅)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၃၄)ဂိုး သွင်းယူထားနိုင်ခဲ့သလို အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက်လည်း (၅)ပွဲအထိ ပါဝင်ထားခဲ့ရပါတယ်။ အခုလို မန်စီးတီးကို ရောက်ရှိလာတော့မယ့် အဲဗာရက်ဇ်ဟာ သူရဲ့စီနီယာဖြစ်သူ အဂွဲရိုးရဲ့ခြေရာကို နင်းနိုင်မယ့်သူ ဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။