ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝုလ်ဗ်ရဲ့ နည်းပြချုပ် ဖြစ်သူ လိုပက်တီဂွီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးနဲ့ အက်ဖ်အေဖလား ၆၄သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ သူတို့ရဲ့ နောက်ကျအနိုင်ဂိုးကို ပယ်ဖျက်ခဲ့တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲလို့ ပွဲအပြီးမှာ ပြောရင်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်လိုက်ပါတယ်။

ဝုလ်ဗ်က အက်ဖ်အေဖလား ပွဲစဉ်အဖြစ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြတာကြောင့် ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: Sky Sports

 

အက်ဖ်အေဖလားပွဲ ဖြစ်ပေမယ့် နှစ်သင်းစလုံးက ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အနိုင်ရလဒ် လိုအပ်နေတာကြောင့် အားသွန်ခွန်စိုက် ကြိုးစား ကစားခဲ့ကြပြီး ပွဲချိန် ၂၆မိနစ်မှာတော့ လီဗာပူး ဂိုးသမား ဘက်ကာရဲ့ မှားယွင်းတဲ့ ပေးပို့မှုကနေ ဂွီဒက်စ်က ဝုလ်ဗ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝုလ်ဗ်ရဲ့ ဦးဆောင်ဂိုးဟာ ကြာကြာ မခံခဲ့ပဲ ပွဲချိန် ၄၅မိနစ်မှာ အာနိုးလ်ရဲ့ ဖြတ်တင်ဘောကို နူနက်ဇ်က အကောင်းဆုံး အဆုံးသတ်ကာ အသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပထမပိုင်းက တဖက် တဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့တာကြောင့် ဒုတိယပိုင်းမှာ နှစ်သင်းစလုံးက အနိုင်ဂိုးတွေ ရဖို့ အရှိန်တင်ကာ ကြိုးစား ကစားခဲ့ကြပြီး ပွဲချိန် ၅၂မိနစ်မှာ ဆာလာက လီဗာပူးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ရရှိပြီးနောက် အိမ်ရှင် လီဗာပူးကပဲ ပွဲကို ဆက်လက် စိုးမိုးထားနိုင်ခဲ့ပေမယ့် ပွဲချိန် ၆၆မိနစ်မှာတော့ တောင်ကိုရီးယား တိုက်စစ်မှူး ဟွမ်ဟီချန်က အသင်းဖော်သစ် ကူညာနဲ့ အပေးအယူ လုပ်ကာ ဝုလ်ဗ်အတွက် ချေပဂိုးကို အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Sky Sports

 

၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်နေချိန်မှာ အိမ်ရှင် လီဗာပူးက အနိုင်ဂိုး ရဖို့ ဝုလ်ဗ်ကို ပိုမို ဖိအားပေး ကစားလာခဲ့ပေမယ့် တကယ်တမ်း ဂိုးသွင်းယူနိုင်ခဲ့တာက ဝုလ်ဗ် ဖြစ်ပြီး ဝုလ်ဗ်အတွက် သွင်းဂိုးကို လူစားဝင် ခံစစ်မှူး ဆီမီဒိုက သွင်းယူပေးခဲ့တာ ဖြစ်ပေမယ့် ကွင်းလယ်ဒိုင် အန်ဒီ မက်ဒလေနဲ့ စည်းကြပ်ဒိုင်တို့ကတော့ ဝုလ်ဗ်ရဲ့ သွင်းဂိုးဟာ လူကျွံနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝုလ်ဗ်ရဲ့ အနိုင်ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

ကွင်းလယ်ဒိုင် မက်ဒလေက ဝုလ်ဗ်ရဲ့ သွင်းဂိုးကို လူကျွံနေတယ်လို့ ပြောခဲ့ပေမယ့် ရုပ်သံပြကွက်မှာ လူကျွံနေကြောင်းကို ရှင်းရှင်းလင်းလင်း မပြသနိုင်ခဲ့ပဲ ဝုလ်ဗ်ရဲ့ နည်းပြဖြစ်သူ လိုပက်တီဂွီကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝကို မှားယွင်းခဲ့ကြောင်း ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။ လိုပက်တီဂွီက – “ကျွန်တော်က အဲ့ဒီဂိုးကို ကြည့်ပြီးသွားပြီ။ ဘယ်နေရာမှာမှ လူကျွံနေတာမျိုး မရှိပါဘူး။ ဒီဆုံးဖြတ်ချက်က ဘယ်လိုမှ မဖြစ်သင့်တဲ့ ဆုံးဖြတ်ချက်မျိုးပါ။ ဒါပေမယ့် တစုံတယောက်ကတော့ ကွင်းလယ်ဒိုင်ကို ဒီဂိုးဟာ လူကျွံဂိုးလို့ ပြောခဲ့ပါတယ်။ ကျွန်တော်က သူတို့ ပြတဲ့ ဓာတ်ပုံကို ပြန်ကြည့်ခဲ့ပေမယ့် လူကျွံနေတာကို မမြင်ခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်က မှားယွင်းတဲ့ ဆုံးဖြတ်ချက် တခုပါ။ ကျွန်တော်က နေ့တိုင်း အမှားတွေ လုပ်တတ်သလို ဒီနေ့မှာလည်း ဒိုင်တွေက အမှားတွေ လုပ်ခဲ့ကြပါတယ်” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။