မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတဲ့ ဘာမင်ဂမ်စီးတီးအသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်တိုက်စစ်ကစားသမားလေး ဂျူဘယ်လင်ဟမ်ကို ဘွန်ဒစ်လီဂါကလပ်အသင်း ဒေါ့မွန်က ခေါ်ယူနိုင်ဖို့ သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပြောင်းရွှေ့ကြေးကိုတော့ ပေါင်(၂၁)သန်းခန့်လောက် ပေးချေရနိုင်တယ်လို့ ဗြိတိန်အားကစားမီဒီယာတွေကနေ ထုတ်ပြန်လိုက်ပါတယ်။

Photo Credit : Youtube

အသက်(၁၇)နှစ်သာရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ ဒီနှစ်ဘောလုံးရာသီမှာမှ ဘာမင်ဂမ်လူငယ်အသင်းကနေ စီနီယာအသင်းမှာ ပွဲထွက်ကစားခွင့်တွေ ရရှိခဲ့တာဖြစ်ပေမယ့် အသက်အရွှယ်နဲ့မလိုက်အောင် တောက်ပနိုင်ခဲ့လို့ သူ့ကို ယူနိုက်တက်အပါအဝင် ပရီးမီးယားလိဂ် အသင်းတော်တော်များများက ပစ်မှတ်ထားလာခဲ့ပြီး လူငယ်ကစားသမားတွေကို နေရာပေးလေ့ရှိတဲ့ ဒေါ့မွန်အသင်းကပါ ဘယ်လင်ဟမ်ကို စိတ်ဝင်စားလာခဲ့ပါတယ်။ ကနဦးပိုင်းတုန်းက ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်က ရေပန်းစားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ကစားသမားကိုယ်တိုင်က ဒေါ့မွန်ကိုပဲ ပြောင်းရွှေ့ဖို့ စိတ်ပြောင်းသွားခဲ့ရပါတယ်။

Photo Credit : Times Famous

ဒေ့ါမွန်အသင်းက ယခင်ကလည်း မန်စီးတီးအကယ်ဒမီက ချာတိတ်လေးဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို ခေါ်ယူပြီး အကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့ရာ အခုဆိုရင် ဆန်ချိုက အသင်းရဲ့ မရှိမဖြစ် အရေးပါလှတဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့ကာ အသင်းကနေ ရောင်းချမယ်ဆိုရင်တောင် အမြတ်များစွာ ရရှိမှာ သေချာနေပါတယ်။ လက်ရှိမှာတော့ ဆန်ချိုရဲ့အနာဂတ်က မတည်မငြိမ်ဖြစ်လို့နေပြီး အသင်းဟောင်းမန်စီးတီး လီဗာပူးလ်တို့အပြင် ယူနိုက်တက်အသင်းနဲ့ပါ သတင်းတွေ ထွက်နေရကာ အနာဂတ်မတည်မငြိမ် ဖြစ်နေရလို့ ဆန်ချိုသာ အသင်းကနေ ထွက်ခွာသွားခဲ့ရင် သူ့နေရာမှာ အစားထိုးဖို့အတွက် ဘယ်လင်ဟမ်ကို အရခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဘယ်လင်ဟမ်အနေနဲ့ ဘာမင်ဂမ်ကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့မယ်ဆိုရင် လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်(၆)သောင်းကနေ ပေါင်(၁)သိန်း(၄)သောင်းခွဲလောက်အထိ တိုးမြှင့်ရရှိမှာဖြစ်ပြီး အခြားအကျိုးခံစားခွင့်တွေကိုလည်း ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းက လာမယ့်ရာသီအတွက် လူခေါ်မှုတစ်ရပ်အနေနဲ့လည်း ဘယ်ဂျီယံနောက်ခံလူ မြူနီယာကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပါတယ်။