MySport Myanmar

ဘောလုံးသမားဘဝကို အဆုံးမသတ်သေးပဲ လန်ဒန်မှာ Training ဆင်းနေတဲ့ မာတာ

ချယ်လ်ဆီး မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ စပိန် ဝါရင့် ကစားသမားကြီး ဟွမ်မာတာကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က သူ့နေအိမ်ဝန်းကျင်မှာ လေ့ကျင့်ခန်းတွေ ပြုလုပ်နေရင်း ကစားသမားဘဝကိုလည်း ဆက်လက် ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စပိန် လက်ရွေးစင်ဟောင်းကြီး မာတာဟာ ဂျပန် ဂျေလိဂ်ကလပ် ဗစ်ဆဲလ် ကိုဘေအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် လက်ရှိမှာ free agent player တစ်ဦး ဖြစ်နေရပြီး နောက်ထပ် အသင်းသစ် တစ်သင်းကို ဆက်လက် ရှာဖွေသွားဖို့ပါ ပြင်ဆင်နေပါတယ်။

Photo Credit : beIN SPORTS

“ကျွန်တော် ဘောလုံးနယ်ပယ်ကနေ မထွက်ခွာသေးသလို ဘောလုံးသမားဘဝက အနားယူမယ့် အကြောင်းဆိုရင်လည်း တွေးတောင် မတွေးမိပါဘူး။ ကျွန်တော် အခုတော့ လန်ဒန်မှာ လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတယ်။ ဂျပန်မှာ ရှိခဲ့တုန်းက မတူကွဲပြားတဲ့ အတွေ့အကြုံ အသစ်အဆန်းတွေ ရရှိခဲ့လို့ အရမ်းကောင်းပါတယ်။”

“အသင်းနဲ့ အဆုံးသတ်ရတော့မယ့် အချိန်မှာ ဖလား ရရှိခဲ့တာကလည်း အရမ်းကောင်းတဲ့ အမှတ်တရ ဖြစ်ခဲ့ရတယ်။ မတူညီတဲ့ နိုင်ငံတွေမှာ ဘောလုံးသွားကစားရင်း အတွေ့အကြုံများစွာနဲ့ ဖြတ်သန်းရတာကို ကျွန်တော် သဘောကျတယ်။ နောက်ပြီး ကျွန်တော်က ဆုဖလားတွေအတွက်လည်း ပြိုင်ဆိုင်ချင်သေးတယ်။ ကျွန်တော် တက်စွမ်းနိုင်သလောက်နဲ့ အသင်းတွေကို ကူညီပေးသွားချင်တယ်။”

Photo Credit : ESPN

“ဒါကြောင့်ပဲ ကျွန်တော်ရဲ့ ဘောလုံးသမားဘဝကို ရှေ့ဆက်နေဦးမယ်။ နောက်ထပ် အသင်းတစ်သင်း ရွေးချယ်ဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်နေမှုအတွက် ရက်သတ္တပတ် အနည်းငယ်လောက်တော့ အချိန်ယူသွားပါမယ်။” လို့ မာတာက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ဗလင်စီယာအသင်းနဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ မာတာဟာ ချယ်လ်ဆီး မန်ယူနိုက်တက် ဂါလာတာစာရေးအသင်းတွေမှာလည်း ပါဝင်ကစားခဲ့ဖူးပေမယ့် ထူးခြားချက်တစ်ခုက ချယ်လ်ဆီး ယူနိုက်တက်တို့နဲ့ အမှတ်ပေး ချန်ပီယံဖလားကို တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးနဲ့သာ တူရကီ အမှတ်ပေးဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Exit mobile version