ဘာစီလိုနာအသင်းဟာ ညာခြမ်းခံစစ် နေရာကို အားဖြည့်သွားဖို့အတွက် မန်ချက်စတာယူနိုက်တက် ညာနောက်ခံလူ ဒီယိုဂိုဒါလော့ ဒေါ့မွန် ညာနောက်ခံလူ သောမတ်စ်မူနီယာတို့ထက် ဗီလာရီးယဲလ် ညာနောက်ခံကစားသမား ဟွမ်ဖွိုက်ကိုသာ အလိုရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက သူရဲ့တွစ်တာမှာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: FC Barcelona Noticias

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ညာခြမ်းခံစစ် ကစားသမား ဆာဂျီညိုဒက်စ်ကို အသင်းကနေ ရောင်းထုတ်သွားချင်နေပြီး သူ့နေရာမှာ အခြားသော right-back ကစားသမားတစ်ဦးနဲ့ ပြန်လည် အစားထိုးသွားချင်နေရာ ဒါလော့ မူနီယာ ဟွမ်ဖွိုက် အစရှိတဲ့ RB ကစားသမားတွေနဲ့ သတင်းထွက်နေပေမယ့် ဘာစီလိုနာကတော့ လာလီဂါအထာကို ကောင်းကောင်းနားလည်နေတဲ့ ဗီလာရီးယဲလ် ညာနောက်ခံကစားသမား ဟွမ်ဖွိုက်ကိုသာ ခေါ်ယူသွားချင်နေပါတယ်။

Photo Credit : FC Barcelona Mexico

ဘောလုံးအပြောင်းအရွှေ့ပိုင်းဆိုင်ရာ သတင်းတွေကို တင်ဆက်နေတဲ့ စပယ်ရှယ် ဂျာနယ်လစ် ဖာဘရီဇီယိုရဲ့ဖော်ပြချက်အရ ဘာစီလိုနာက ပေါ်တူဂီ ညာနောက်ခံလူ ဒါလော့ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ လုံးဝ ရှိမနေသလို ဒေါ့မွန်ရဲ့ ဘယ်လ်ဂျီယံ right-back ကစားသမား မူနီယာကိုလည်း စိတ်ဝင်စားနေရုံသာ ရှိနေပြီး ဟွမ်ဖွိုက်ကိုသာ အလိုရှိနေတယ်လို့ သိရပါတယ်။ အသက်(၂၄)နှစ်အရွယ် အာဂျင်တီးနား ညာနောက်ခံကစားသမား ဟွမ်ဖွိုက်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၀ကမှ ဗီလာရီးယဲလ်ဆီ အငှားနဲ့ ရောက်လာခဲ့ပြီး အငှားသက်တမ်း ပြည့်သွားချိန်မှာပဲ ယူရို(၁၅)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့အတွက် ဘာစီလိုနာနဲ့ ဗီလာရီးယဲလ်အသင်းတို့ကြားမှာ ကနဦး ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီဖြစ်ပြီး တစ်ဖက်မှာလည်း ဘာစီလိုနာက ဆာဂျီညိုဒက်စ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ပရီးမီးယားလိဂ်ကလပ်တွေက ကမ်းလှမ်းမှု ပြုလုပ်လာဖို့ မျှော်လင့်နေလျက် ရှိပါတယ်။ အိုင်းယတ်စ် ကစားသမားဟောင်း ဒက်စ်ကို အိုင်းယတ်စ် နည်းပြဟောင်း တန်ဟက်ဂ်က သူရဲ့လက်ရှိကလပ် ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။