ယခု နွေဈေးကွက် အတွင်းမှာ စပိန်လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကနေ အီတလီ စီးရီးအေကလပ် ဖီအိုရင်တီးနားထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး လူကာ ယိုဗစ်ကတော့ သူဟာ ရိုနယ်ဒိုကို သဘောကျတာကြောင့် ဖီအိုရင်တီးနားမှာ ကျောနံပါတ် ၇ကို ဝတ်ဆင် ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုက သူ့အတွက် ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဆားဘီးယား ကြယ်ပွင့် တိုက်စစ်မှူး လူကာယိုဗစ်က ၂၀၁၉ခုနှစ်မှာ ဂျာမန်ကလပ် ဖရန့်ဖတ်ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၆၃သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပေမယ့် နောက်ချန် တိုက်စစ်မှူး အဖြစ်သာ ကစားနိုင်စွမ်း ရှိတဲ့ လူကာယိုဗစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန် ပွဲထွက်ခွင့်တွေ မရခဲ့သလို ခြေစွမ်းကောင်းတွေလည်း မပြသနိုင်ခဲ့ပါဘူး။

Photo Credit: Goal

ယိုဗစ်က ရီးရဲလ်မက်ဒရစ် အတွက် ၃နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ၅၁ပွဲသာ ကစားပေးနိုင်ခဲ့သလို သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ဆိုးရွားတဲ့ ခြေစွမ်းတွေကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ အဆိုးဝါးဆုံး ခေါ်ယူမှု အဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြကာ ရီးရဲလ်မက်ဒရစ်ကလည်း လူကာယိုဗစ်ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာကို ပေးချေလိုခြင်း မရှိတော့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ ယိုဗစ်ကို ဖီအိုရင်တီးနားထံ အလွတ်နဲ့ ပြောင်းရွှေ့ခွင့် ပေးခဲ့ပါတယ်။

ဖီအိုရင်တီးနားထံ ရောက်ရှိချိန်မှာတော့ ယိုဗစ်က အသင်းရဲ့ ကျောနံပါတ်၇ကို ရယူခဲ့သလို အသင်းအတွက် ပထမဦးဆုံး ပါဝင် ကစားပေးခဲ့တဲ့ ခြေစမ်းပွဲမှာပဲ သွင်းဂိုး ၄ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဖီအိုရင်တီးနား ပရိသတ် တချို့က သူ့ကို ဘာကြောင့် ကျောနံပါတ်၇ကို ယူခဲ့တာလဲ လို့ မေးခွန်းထုတ်ခဲ့ချိန်မှာတော့ ယိုဗစ်က သူဟာ ရိုနယ်ဒိုကို အလွန် သဘောကျသူ ဖြစ်ကြောင်းနဲ့ ရိုနယ်ဒိုကို အားကျတာကြောင့် ကျောနံပါတ်၇ကို အရယူခဲ့တာ ဖြစ်သလို ရိုနယ်ဒိုက သူ့အတွက် ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Goal

လူကာယိုဗစ်က – “ကျွန်တော်က ရိုနယ်ဒိုကို အရမ်း အားကျခဲ့ရတာကြောင့် ကျောနံပါတ်၇ကို ရယူခဲ့တာပါ။ ပြီးတော့ ကျွန်တော်က အီတလီမြေမှာ ရိုနယ်ဒို အောင်မြင်ခဲ့သလိုမျိုး အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော့်အတွက် ရိုနယ်ဒိုက ထာဝရ အကောင်းဆုံး ကစားသမားပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။