ဝုဗ်လ်အသင်းရဲ့ နည်းပြ နူနိုက လီဗာပူးလ်အသင်းအနေနဲ့ ဂျိုတာကို ခေါ်ယူပြီးပြီ ဖြစ်ကြောင်းကို တရားဝင် ကြေညာထားခြင်း မရှိသေးပေမယ့်လည်း ဂျိုတာအနေနဲ့ လီဗာပူးလ်အသင်းကို ပေါင် (၄၅) သန်းနဲ့ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်လို့ အတည်ပြု ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ (၂၃) နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူး ဂျိုတာဟာ ဝုဗ်လ်အသင်းမှာ (၃) နှစ်ကြာ ကစားပြီးနောက် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့မှာ ဖြစ်ပြီး ဝုဗ်လ်အသင်းအတွက် (၃) နှစ်ကြာ ကစားခဲ့စဉ်မှာ တစ်ရာသီကို အငှားနဲ့ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲစဉ် (၁၃၁) ပွဲ ကစားခဲ့ရာမှာ (၄၄) ဂိုး သွင်းခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ နူနိုရဲ့ ဝုဗ်လ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဂျိုတာကို နည်းပြ ဂျာဂျင် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဆီ ရောင်းချခဲ့ရာမှာ လီဗာပူးလ်အသင်းဆီကနေလည်း နယ်သာလန် နောက်ခံကစားသမား ဖြစ်သူ ကီဂျာနာဟိုဗာကို ပေါင် (၁၀) သန်း ဝန်းကျင်နဲ့ ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂျိုတာဟာ လီဗာပူးလ်အသင်းကို ရောက်ရှိသွားတဲ့ အချိန်မှာ ပွဲထွက် ရရှိဖို့အတွက် ဆာလတ်၊ မာနေး၊ ဖာမင်နိုတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဝုဗ်လ်နည်းပြ နူနိုကတော့ ဂျိုတာအနေနဲ့ လီဗာပူးလ်အသင်းကို ပြောင်းသွားတာကြောင့် တောက်ပတဲ့ အနာဂတ် ရှိတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဝုဗ်လ် နည်းပြ နူနိုက “လီဗာပူးလ်အသင်းက အလွန် ကောင်းတဲ့ ကစားသမား နဲ့ ကောင်လေးကို ပိုင်ဆိုင်သွားမှာ ဖြစ်ပြီး ဂျိုတာအနေနဲ့လည်း သူ့ရဲ့ ရှေ့မှာ တောက်ပတဲ့ အနာဂတ် ရှိနေပါတယ်။ ဒီအပြောင်းအရွေ့က လူတိုင်းအတွက် ကောင်းမယ်လို့ ကျွန်တော်တို့ ထင်ကြပါတယ်။ ဂျိုတာက ဒီအသင်းမှာ အလွန် ပျော်ရွှင်ခဲ့တယ်။ ဒါပေမယ့်လည်း ကစားသမားတွေအနေနဲ့ စိန်ခေါ်မှုအသစ် လိုချင်ကြတယ် ဆိုတာက သာမန် ဖြစ်ပါတယ်”လို့ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။ နည်းပြ နူနိုရဲ့ ဝုဗ်လ်အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ပရီးမီးယားလိဂ် ပွဲစဉ် (၁) ကို အဝေးကွင်းမှာ သွားရောက် ကစားခဲ့စဉ်က ရှက်ဖီးလ်ယူနိုက်တက်အသင်းကို (၂-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ယခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၂) မှာတော့ အိမ်ကွင်းမှာ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ လာမယ့် တနင်္လာနေ့ညမှာ ယှဉ်ပြိုင် ကစားသွားကြရမှာ ဖြစ်ပါတယ်။