ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်သူ ဒီယေဂို ဂျိုတာကတော့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်အတွင်းမှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ယခုလ ၃၀ရက်နေ့မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲကို လွဲချော်တော့မယ်လို့ လီဗာပူးနည်းပြ ဂျာဂင် ကလော့ပ်က အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ် ကစားသမား ဒီယေဂို ဂျိုတာက တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆာလာ ၊ ဖာမီနိုတို့နဲ့ အဓိက တွဲဖက်ပြီး လီဗာပူးရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်ခဲ့သူပါ။

Photo Credit: 90 Min

ဂျိုတာက လီဗာပူးနဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေ ပြုလုပ်နေရင်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ဒဏ်ရာဟောင်း ပြန်ပေါ်လာတဲ့ အနေအထားမျိုး ဖြစ်တာကြောင့် အချိန်ကြာမြင့်စွာ အနားယူရနိုင်ချေ ရှိနေပါတယ်။

လီဗာပူးနည်းပြ ဖြစ်သူ ကလော့ပ်ကလည်း ဂျိုတာဟာ မန်ချက်စတာ စီးတီးနဲ့ ကစားရမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်ကို လွဲချော်တော့မယ့် အကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပေမယ့် သတင်းကောင်း တခုအနေနဲ့ ဗိုက်ကြွက်သားဒဏ်ရာ ရထားတဲ့ အဓိက ဂိုးသမား အယ်လီဆန်ကတော့ မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်ကို ပါဝင် ကစားပေးနိုင်မယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: 90 Min

ကလော့ပ်က – “အယ်လီဆန်က မန်ချက်စတာ စီးတီးနဲ့ပွဲမှာ ပါဝင် ကစားပေးနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ဒါပေမယ့် ဂျိုတာကတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အယ်လီဆန်က ဗိုက်ကြွက်သားမှာ ဒဏ်ရာရနေတဲ့ ပုံစံမျိုး ရှိပေမယ့် အရမ်းကြီးတော့ မပြင်းထန်ပါဘူး။ ကျွန်တော်တို့က သူနဲ့အတူ ရာသီကြို လေ့ကျင့်မှုတွေ ဆက်လက် ပြုလုပ်ပေးနေပြီး လေ့ကျင့်ခန်းတွေကတော့ သာမန် ဂိုးသမား တယောက် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းမျိုးတွေ မဟုတ်ပါဘူး။ ဒါကြောင့် သူက အခုချိန်မှာ ကစားပေးလို့တော့ မရသေးပါဘူး။ ဒါပေမယ့် သူက လေ့ကျင့်ခန်းတွေ ဆက်တိုက် လုပ်နေတော့ ရာသီသစ် အတွက် အဆင်သင့် ဖြစ်နေပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။