ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းကနေ ပရီးမီးယားလိဂ် ချန်ပီယံ အသင်း ဖြစ်တဲ့ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၄၄.၇သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂျိုတာ ကတော့ လက်ရှိမှာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဂျိုတာဟာ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ လက်စတာ အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာလက် မပါဝင်နိုင်တဲ့ အချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို မာနေး ၊ ဖာမီနိုတို့နဲ့ အတူ ဦးဆောင် ကစားခွင့် ရခဲ့ပြီး ဆာလက်ရဲ့ နေရာမှာ အကောင်းဆုံး အစားဝင်နိုင်ခဲ့သလို အသင်းအတွက် အနိုင်ဂိုး တစ်ဂိုးကိုလည်း သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Metro

အန်ဖီးလ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်းဟာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင် ရရှိခဲ့ပြီး ဂျိုတာဟာလည်း လက်စတာ အသင်းရဲ့ ခံစစ်ကြောင်းကို အဓိက ဒုက္ခပေးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ လီဗာပူး အသင်းဟာ ပွဲစတင်ချိန် ကတည်းက လက်စတာ အသင်းဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့တာ ဖြစ်ပြီး ပွဲကစားချိန် ၁၄မိနစ်မှာပဲ လက်စတာ နောက်ခံလူ အီဗန်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကနေ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ တိုက်စစ်ဆင်မှုဟာ ရပ်တန့်ခြင်း မရှိခဲ့ပဲ ပွဲကစားချိန် ၄၁မိနစ်မှာ ဂျိုတာက ဒုတိယ ဦးဆောင်ဂိုးနဲ့ ပွဲပြီးဆုံးဖို့ မိနစ်ပိုင်း အနည်းငယ်သာ လိုတော့တဲ့ ပွဲကစားချိန် ၄၈မိနစ်မှာ ဖာမီနိုက ပွဲသိမ်း အနိုင်ဂိုးကို သွင်းယူ ပေးခဲ့ကြပါတယ်။

Photo Credit: Metro

လက်စတာအသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ အပြီးမှာတော့ ဂျိုတာဟာ လီဗာပူး အသင်းရဲ့ သမိုင်းတစ်လျှောက် အိမ်ကွင်းပွဲစဉ် ၄ပွဲဆက်တိုက် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဂျိုတာဟာ လီဗာပူးအသင်းက နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၄ပွဲ ဖြစ်တဲ့ ရှက်ဖီးလ်နဲ့ပွဲစဉ် ၊ မစ်ဂျေးလန်းနဲ့ပွဲစဉ် ၊ ဝက်စ်ဟမ်းနဲ့ပွဲစဉ် ၊ လက်စတာအသင်းနဲ့ ပွဲစဉ်တွေမှာ သွင်းဂိုးတွေ သွင်းယူ ပေးနိုင်ခဲ့တာပါ။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဂျိုတာဟာ လက်ရှိ ရာသီမှာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၈ဂိုးအထိ သွင်းယူ ပေးထားပါတယ်။ ဂျိုတာ တစ်ယောက် ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေ အတွက် အိမ်မက်ဆိုး ဖြစ်လာပြီလား ဆိုတာကို ဆက်လက် စောင့်ကြည့် သွားရမှာပါ။