ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဒီယေဂို ဂျိုတာဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်တာမီလန် ၀-၂ လီဗာပူး ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ချယ်လ်ဆီးနဲ့ ရင်ဆိုင် ကစားရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲကို လွဲချော်ဖွယ် ရှိကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဒီယေဂို ဂျိုတာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအတွက် အဓိကကျတဲ့ ကစားသမား တဦး ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၃၂ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၁၇ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Marca

ဂျိုတာဟာ လီဗာပူးက အဝေးကွင်းမှာ အင်တာမီလန်ကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း လီဗာပူးရဲ့ တိုက်စစ်ကို ပွဲစကတည်းက ဦးဆောင်ခွင့် ရခဲ့ပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပေမယ့် ပထမပိုင်း မပြီးခင်မှာပဲ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် ပထမပိုင်း ပြီးဆုံးချိန်မှာ အသင်းဖော် တိုက်စစ်မှူး ဖာမီနိုနဲ့ လူစားလဲခဲ့ရပါတယ်။

ကနဦးမှာတော့ လီဗာပူးဆေးအဖွဲ့က ဂျိုတာရဲ့ ဒဏ်ရာဟာ ပြင်းထန်မှု မရှိဘူးလို့ ယူဆခဲ့ကြပေမယ့် ဆေးစစ်မှုတွေ ပြုလုပ်ပြီးချိန်မှာတော့ ဂျိုတာအနေနဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာစေရန် အချိန်အနည်းငယ် အနားယူဖို့ လိုအပ်ပြီး အနိမ့်ဆုံး ရက်သတ္တပတ် ၂ပတ် ဝန်းကျင် အနားယူရဖွယ် ရှိကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနက ဆိုပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဂျိုတာဟာ လာမယ့်အပတ် သီတင်းပတ် အကုန်မှာ ကစားရမယ့် ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို လွဲချော်မယ့် အလားအလာတွေ ရှိနေပြီး အကယ်၍ ဗိုလ်လုပွဲကို ပါဝင် ကစားနိုင်ရင်တောင် ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ မရှိပဲ အရန် ကစားသမား အဖြစ်သာ ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။