လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပြီး အခုလည်း အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီယိုဂို ဂျိုတာနဲ့ ကာတစ်ဂျုံးတို နှစ်ဦးလုံးဟာ ဒဏ်ရာအခြေအနေတွေကြောင့် ခါရာဘောင် လိဂ်ဖလားပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားရတော့မယ်လို့ သိရပါတယ်။

ဒီကစားသမားနှစ်ဦးလုံးဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ ဒူးဒဏ်ရာနဲ့ ခြေချင်းဝတ် ဒဏ်ရာတွေ ရရှိသွားခဲ့တာဖြစ်ပြီး အဲ့ဒီဒဏ်ရာတွေကြောင့်ပဲ လာမယ့် တနင်္ဂနွေနေ့ည ဝင်ဘလေကွင်းမှာ ကစားသွားရမယ့် လိဂ်ဖလား ဖိုင်နယ်ပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : El Futbolero US

လီဗာပူးလ်အနေနဲ့ တနင်္ဂနွေနေ့ညမှာ ချယ်လ်ဆီးအသင်းနဲ့ ခါရာဘောင် လိဂ်ဖလား ဖိုင်နယ်ပွဲစဉ်ကို ဆင်နွဲရတော့မှာဖြစ်ပြီး ဒီပွဲစဉ်အတွက် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အာနိုးလ် ၊ အယ်လီဆင် ၊ ဆိုဘော့ဇ်ဆလိုင်း ၊ ဂျိုတာ နဲ့ ကာတစ်ဂျုံးစ်တို့က ဒဏ်ရာပြဿနာတွေကြောင့် လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်ရဲ့ စပိန် ဝါရင့် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကလည်း ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသလို နောက်ခံလူ မာတစ်က ACL နဲ့ ကာလရှည်ကြာ နားရဦးမှာဖြစ်လို့ ဒီကစားသမားတွေလည်း လိဂ်ဖလား ဖိုင်နယ်ကို သေချာပေါက် လွဲချော်ရပါမယ်။

Photo Credit : Eurosport

ဒါပေမယ့် လီဗာပူးလ်အသင်းက လတ်တလောမှာ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်လျက် ရှိနေပြီး အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာပါ ဘရန့်ဖို့ဒ်နဲ့ပွဲမှာပဲ ပြန်လည် ပါဝင်လာကာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးနိုင်ပေးခဲ့ပါသေးတယ်။

လီဗာပူးလ်အသင်းဟာ လိဂ်ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ ချန်ပီယံ (၉)ကြိမ်နဲ့ အအောင်မြင်ဆုံး ကလပ်အသင်းအဖြစ် ရပ်တည်လျက် ရှိနေပြီး အခုတစ်ကြိမ်မှာလည်း ချယ်လ်ဆီးကို အနိုင်ရလိုက်မယ်ဆိုရင်တော့ လိဂ်ဖလားကို (၁၀)ကြိမ်အထိ ကိုင်မြောက်နိုင်တဲ့ အသင်းအဖြစ်ပါ မှတ်တမ်းဝင်သွားတော့မှာပဲ ဖြစ်ပါတယ်။