MySport Myanmar

မန်စီးတီးက ကစားသမားတိုင်း ပါဝင် ကစားချင်ကြတဲ့ အသင်းလို့ ဂဗာဒီယော်လ် ဆို

လိုက်ပ်ဇစ်ကနေ မန်ချက်စတာ စီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် (၇၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂဗာဒီယော်လ်က မန်စီးတီးအသင်းဟာ ကစားသမားတိုင်း ပါဝင် ကစားချင်တဲ့ ကလပ်အသင်း ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ ဂဗာဒီယော်လ်က အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်အတွင်းမှာ သူ့အနေနဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရသလဲ ဆိုတာတွေကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester City FC

“မန်စီးတီးအသင်းအကြောင်းကို လူတိုင်းက သိကြပြီး ကစားသမားတိုင်းကလည်း ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ချင်ကြပါတယ်။ ဒါကြောင့် ဒီအသင်းမှာ ကစားဖို့ အခွင့်အရေး ရလာခဲ့မယ်ဆိုရင် ဒီအခွင့်အရေးကို လူတိုင်းက ယူကြမှာပါ။ ကျွန်တော်လည်း ဒီလိုပါပဲ။”

“ကျွန်တော်က တစ်နေ့ အင်္ဂလန်​မှာ ဘောလုံးကစားရဖို့ အိမ်မက်ထားခဲ့ရတာပါ။ အခုတော့ မန်စီးတီးအသင်းနဲ့အတူ ဒီအိမ်မက်တွေကို အကောင်အထည်ဖော်ခွင့် ရပါပြီ။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒီအသင်း စွမ်းဆောင်သွားခဲ့တာကို ကျွန်တော် အတော်လေး ဂုဏ်ပြုမိပါတယ်။ ပြီးခဲ့တဲ့ ရာသီ မန်စီးတီး ကစားသွားတာကို ကြည့်မိရသူတိုင်း ဒီအသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းဆိုတာ လက်ခံထားကြပါတယ်။”

Photo Credit : Livescore Twitter

“ကျွန်တော့်မှာ လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး နည်းပြလက်အောက်မှာ ကျွန်တော်ရဲ့ကစားပုံတွေ ပိုတိုးတက်လာမှာ သေချာပါတယ်။ နောက်ပြီး ကိုဗာဆစ်နဲ့ တွဲဖက် ကစားရမှာလည်း တကယ် ထူးရှယ်ပါပဲ။ ကျွန်တော်တို့နှစ်ဦး မန်စီးတီးအသင်းအတွက် အောင်မြင်မှုတွေ များစွာ ရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

“ဒီမှာ အံ့ဝင်ခွင်ကျဖြစ်အောင် အချိန်နည်းနည်း ယူရလောက်ပေမယ့် သိပ်အကြာကြီး မဟုတ်လောက်ပါဘူး။ ဘောလုံးရာသီကလည်း မကြာခင်မှာ ပြန်စတော့မှာမိုလို့ အဆင့်သင့် ဖြစ်နေပါပြီ” လို့ ဂဗာဒီယော်လ်က ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ မန်စီးတီး ဗဟို ခံစစ်နေရာမှာ ကစားသမားသစ် ဂဗာဒီယော်လ် ၊ ရူဘင် ဒီးယက်စ် ၊ နာသန် အကီ ၊ ဂျွန် စတုန်းစ် ၊ မာနူရယ် အကန်ဂျီ နဲ့ အမ်းမရစ် လာပေါ့တ်တို့ ရှိနေပြီး လာပေါ့တ်ကတော့ ရောင်းထုတ်ခံရဖွယ် ရှိနေပါတယ်။

Exit mobile version