MySport Myanmar

သူ အနှစ်သက်ဆုံး ဘောလုံးအသင်းက လီဗာပူးလ်ပါလို့ ဂါဗာဒီယော့ ဖွင့်ဟ

လိုက်ပ်ဇစ်အသင်းရဲ့ ခရိုအေးရှားလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဂါဗာဒီယော့က သူ အနှစ်သက်ဆုံး ဘောလုံးအသင်းနဲ့ ပတ်သတ်ပြီး မေးမြန်းလာခဲ့ရာ လီဗာပူးလ်အသင်းက သူ သဘောအကျဆုံး ဘောလုံးအသင်း တစ်သင်းလို့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းနဲ့ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့သလို လိုက်ပ်ဇစ်အသင်းအတွက်ကိုလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ နောက်ခံလူ ဂါဗာဒီယော့ကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာက စိတ်ဝင်စားလျက် ရှိနေပြီး လက်ရှိမှာလည်း မန်စီးတီးအသင်းက ဂါဗာဒီယော့ကို အတော်လေး မျက်စိကျနေပါတယ်။ အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ ခံစစ်မှူး ဂါဗာဒီယော့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ နှစ်ရှည် စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့ပြီး ဒီလို ကာလရှည် သက်တမ်းတိုးထားတာဖြစ်သလို ဂါဗာဒီယော့ရဲ့ လက်ရှိတန်ကြေးမှာလည်း ယူရို(၇၅)သန်းလောက်အထိကို ရှိနေရပါတယ်။

Photo Credit : Daily Mail

ဒီလို ကလပ်အသင်းကြီးတိုင်းရဲ့ ပစ်မှတ်ဖြစ်နေသူ ဂါဗာဒီယော့ကို သူ အနှစ်သက် သဘောကျဆုံး အသင်းအကြောင်း မေးမြန်းလာခဲ့ရာ ဂါဗာဒီယော့က “အဲ့ဒါက လီဗာပူးလ်အသင်းဖြစ်မှာ သေချာပါတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက အဖေနဲ့အတူ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်တွေကို အများကြီး ကြည်ခဲ့ဖူးပြီး ရာသီတိုင်းကိုလည်း အသေးစိတ် ပြောဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်က ကျွန်တော်ရဲ့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ အသင်းပါ” လို့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းက လိုက်ပ်ဇစ်အသင်းက ကစားသမားတွေကို ယခင်ကတည်းက ခေါ်ယူထားခဲ့ဖူးတာဖြစ်ပြီး ကွင်းလယ်လူ နာဘေကီတာကို ခေါ်ယူထားဖူးသလို နောက်ခံလူ အီဘရာဟီမာကိုနတေးကိုလည်း ခေါ်ယူထားခဲ့ဖူးတာကြောင့် ဂါဗာဒီယော့ကိုပါ ထပ်မံ ခေါ်ယူသွားမလားဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမယ့် လီဗာပူးလ်က လက်ရှိ အချိန်မှာ ကွင်းလယ်ကစားသမားတွေသာ ခေါ်ယူ အားဖြည့်သွားရမယ့် အခြေအနေ ဖြစ်နေတာကြောင့် ခံစစ်ပိုင်းထက် ကွင်းလယ်ပိုင်းကိုသာ ဦးစားပေးရဖွယ် ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ ကွင်းလယ်နေရာအတွက် အင်္ဂလန်ကြယ်ပွင့် ဘယ်လင်ဟမ် အီကွေဒေါနဲ့ ဘရိုက်တန် ကွင်းလယ်ကြယ်ပွင့် မွိုက်စ်ကိုင်စီဒိုတို့ကိုသာ ပစ်မှတ်ထားလို့နေပြီး ခံစစ်မှာ ဗန်ဒိုက်နဲ့ ကိုနတေးတို့ ရှိနေတာကြောင့် ဂါဗာဒီယော့ကို ခေါ်ယူဖို့က ဖြစ်နိုင်ခြေ နည်းပါးလွန်းပါတယ်။

Exit mobile version