သိပ်မကြာခင်မှာ ခံစစ်ကစားသမား နေသန်အကီကို ချယ်လ်ဆီးအသင်းဆီ ရောင်းချသွားရတော့မယ့် မန်ချက်စတာစီးတီးအသင်းဟာ အကီရဲ့နေရာမှာ နောက်ထပ် center-back တစ်ဦး ပြန်လည် အစားထိုးသွားဖို့အတွက် လိုက်ပ်ဇစ်နောက်ခံလူ ယို့စ်ကိုဂါဗာဒီယိုကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Express

အသက်(၂၇)နှစ်အရွယ် နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံလူ အကီဟာ ဒီနှစ်နွေဈေးကွက်အတွင်းမှာပဲ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် သဘောတူညီထားခဲ့ပြီဖြစ်လို့ မန်စီးတီးဘက်က အကီရဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း(၄၀)ဝန်းကျင်လောက်အထိ အလိုရှိနေတဲ့အပြင် အကီရဲ့ နေရာမှာလည်း နောက်ထပ် center-back တစ်ဦးနဲ့ ပြန်လည် အစားထိုးချင်နေပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ ခရိုအေးရှား နောက်ခံလူ ဂါဗာဒီယိုကို စိတ်ဝင်စားလို့နေပြီး ကမ်းလှမ်းမှုတွေကိုပါ မကြာခင်မှာ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : TEAMtalk

အသက်(၂၀)အရွယ်သာ ရှိသေးတဲ့ ခရိုအေးရှား လက်ရွေးစင် နောက်ခံကစားသမား ဂါဗာဒီယိုဟာ ကစားသမားဘဝအစမှာ ဘယ်နောက်ခံနေရာနဲ့ ကွင်းလယ်ဗဟိုနေရာတွေမှာ စတင်ကစားခဲ့ရင်းနဲ့ ဗဟိုခံစစ်နေရာကို ပြောင်းလဲလိုက်ရာ ဂါဗာဒီယိုရဲ့ ခြေစွမ်းပိုင်းတွေ ပိုမိုကောင်းမွန်လာခဲ့ရာ မန်ချက်စတာစီးတီး ဘိုင်ယန်မြူးနစ် အင်တာမီလန် ဒေါ့မွန် အိုင်းယတ်စ် ရိုးမား လိုင်လီအသင်းတွေက ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားခဲ့ကြပေမယ့် ဂါဗာဒီယိုဟာ ၂၀၂၀ခုနှစ်မှာ လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်သွားခဲ့ပါတယ်။ သူရဲ့ ကစားဟန် ကောင်းမွန်မှုကြောင့် လိုက်ပ်ဇစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပါ ရရှိလာခဲ့တဲ့ ဂါဗာဒီယိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လိုက်ပ်ဇစ်အသင်းအတွက် တစ်ရာသီအတွင်း (၄၆)ပွဲအထိကို ပါဝင်ကစားပေးခဲ့ရပြီး အူပယ်မီကာနိုနဲ့ ကွန်နာတေတို့လို ခံစစ်မှူးကောင်းတွေ မရှိတော့တဲ့ လိုက်ပ်ဇစ်ခံစစ်မှာ ဂါဗာဒီယိုက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဂါဗာဒီယိုကို ချယ်လ်ဆီး တော့တင်ဟမ်ဟော့စပါး မန်ချက်စတာယူနိုက်တက်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြသလို အခုလည်း မန်စီးတီးအသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး အသင်းနဲ့ လမ်းခွဲတော့မယ့် အကီရဲ့နေရာမှာ အစားထိုးချင်နေပါတယ်။ ဒီလို အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဂါဗာဒီယိုကို လိုက်ပ်ဇစ်ဘက်က လုံးဝရောင်းမထုတ်ချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားလိုနေပါတယ်။ မန်စီးတီးအသင်းဟာ ဂါဗာဒီယိုအပြင် ဘရိုက်တန် ဘယ်နောက်ခံလူ ကူကူရယ်လာကိုပါ အလိုရှိနေပြီး မကြာခင်မှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။